ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဂျေမီ ဂစ်တန်စ်ကို ဘိုင်ယန်မြူးနစ်အသင်းကပါ ကြားဖြတ်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန် ယူ-၂၁ ကစားသမား ဂစ်တန်စ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ၇ နှစ်စာချုပ်အတွက် နှုတ်အားဖြင့် သဘောတူညီမှုရထားပေမဲ့ ဒေါ့မွန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကိုတော့ ချယ်လ်ဆီးဘက်က ပေးချေသွားဖို့ ဆန္ဒမရှိတဲ့အတွက် အပြောင်းအရွှေ့က ဖြစ်ပေါ်ဖို့ ခက်နေပါတယ်။

Photo Credit : Bavarian Football Works

ချယ်လ်ဆီးဟာ ဒီလအစောပိုင်းမှာ ဒေါ့မွန်ကို ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် ၄၂ သန်းအထိရှိခဲ့ပေမဲ့လည်း ဒေါ့မွန်ဘက်က ပယ်ချခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ဒီနွေရာသီကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဂစ်တန်စ်ကို ခေါ်ယူဖို့ မျှော်လင့်ခဲ့ပေမဲ့ လက်ရှိမှာတော့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါပြီ။

ဖလော်ရီယန် ဝါ့ဇ် ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ အမေရိကန်မှာ ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးနဲ့အတူ ပါဝင်ယှဉ်ပြိုင်နေပြီး ဂစ်တန်စ်ကို ခေါ်ယူဖို့ပါ စိတ်ဝင်စားနေပါတယ်။ ဘိုင်ယန်ဟာ စာချုပ်သစ်ကို ငြင်းပယ်ပြီး ဂါလာတာဆာရေးကို ပြောင်းရွှေ့သွားတဲ့ လီရွိုင်း ဆာနေးနေရာအတွက် တိုက်စစ်ကစားသမားသစ်တစ်ဦးကို ခေါ်ယူလိုနေပါတယ်။

Photo Credit : Ruhr24

ပြင်သစ်သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်ဟာ ဒေါ့မွန်နဲ့ ဂစ်တန်စ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ပြီးပါပြီ။ မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမားဟောင်း ဂစ်တန်စ်ဟာ ၂၀၂၀ မှာ ဂျာမနီကို ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဂစ်တန်စ်ရဲ့ ၁၂ ဂိုးသွင်းယူပြီး ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့မှု ဟာ ဒေါ့မွန်အသင်း ပထမရာသီဝက်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဆိုးရွားတဲ့ အခြေအနေကနေ ပြန်လည်ကောင်းမွန်လာဖို့ အထောက်အကူဖြစ်စေခဲ့ပေမယ့် နည်းပြ နီကို ကိုဗက် လက်အောက်မှာတော့ ပွဲထွက်ခွင့် ပိုနည်းလာခဲ့ပါတယ်။

ဂစ်တန်စ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒေါ့မွန်အတွက် ကစားချိန် ၁၃ မိနစ်သာ ကစားခဲ့ရပါတယ်။ ဒေါ့မွန် အားကစားဒါရိုက်တာ ဆက်ဘတ်စတီယန် ကယ်လ် က ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ “နောက်ဆုံးတော့ ကျွန်တော်တို့ ဂျေမီနဲ့ပတ်သက်ပြီး သဘောတူညီမှုမရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားရဲ့ လက်ရှိတန်ဖိုးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကွဲပြားတဲ့ အမြင်တွေရှိနေလို့ပါ။ ဒါပေမဲ့ ဆွေးနွေးမှုတွေကတော့ အလွန်လေးစားစရာကောင်းပါတယ်။ ချယ်လ်ဆီးနဲ့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။” ပြောကြားခဲ့ပါတယ်။