မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဟောင်း ရန်းနစ်ခ်က မန်ယူနိုက်တက်အသင်းမှာ ခေါင်းဆောင်မှု ပြဿနာ ရှိနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆိုးဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ၃၈ ပွဲ ကစားရာမှာ ၁၁ ပွဲသာ အနိုင်ရကာ အဆင့် ၁၅ နဲ့ ရာသီသိမ်းခဲ့ပါတယ်။ ဆုဖလားလည်း မရခဲ့သလို ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ဆိုတာကလည်း အလှမ်းဝေးနေဆဲပါပဲ။
၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၂ မေလအထိ မန်ယူကို ကိုင်တွယ်ခဲ့ဖူးတဲ့ ရန်းနစ်ခ်ဟာ အသင်းရဲ့ ဂုဏ်ယူစရာနေ့ရက်တွေကို ပြန်ယူလာဖို့အတွက် အပေါ်ယံပြင်ဆင်ရုံနဲ့ မရဘဲ နက်နက်ရှိုင်းရှိုင်း ကြီးကြီးမားမား ပြောင်းလဲပစ်ဖို့ open heart surgeryလိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုလည်း မန်ယူရဲ့ ဆက်လက် ရုန်းကန်နေရတဲ့အပေါ် သူ့ရဲ့အမြင်တွေကို မျှဝေခဲ့ပါတယ်။ ရန်းနစ်ခ်က အသင်းရဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ မအောင်မြင်မှုတွေကို မီးမောင်းထိုးပြခဲ့ပြီး ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားခဲ့တဲ့ ၂၀၁၃ ကတည်းက အိုးလ်ထရက်ဖို့ဒ်မှာ ခေါင်းဆောင်မှု ကင်းမဲ့နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။
Photo Credit : Daily Mail
Sport သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက အခုလို ပြောခဲ့ပါတယ်။ “ကျွန်တော်သာ ပိုင်ရှင်/အားကစား ဒါရိုက်တာဆိုရင် ငယ်ရွယ်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူဖို့ ရင်းနှီးမြှုပ်နှံမှာပါ။ ဘယ်လိုပဲကြည့်ကြည့် ဒါကပဲ အဓိပ္ပာယ်ရှိပါတယ်။ အသက် ၃၀/၂၈ နှစ်အရွယ် ကစားသမားတစ်ဦးအတွက် ပေါင် ၃၀/၄၀/၅၀ သန်း အပြောင်းအရွှေ့ကြေး သုံးတာက အဓိပ္ပာယ်ရှိလား။ တွက်ကြည့်ရအောင်ဗျာ။ အသက် ၃၀/၂၈ နှစ် ကစားသမားတစ်ဦးကို ၅ နှစ်စာချုပ်နဲ့ ခေါ်တယ်။ တစ်နှစ်လုပ်ခ ပျမ်းမျှ ၁၅ သန်း ဆိုပါတော့၊ ၅ နှစ်ဆို ၇၅ သန်း။ စုစုပေါင်းက ၁၁၀/၁၂၀ သန်းလောက်ရှိပြီ။ အေးဂျင့်ကြေးတွေပါ ထပ်ပေါင်းရင် စုစုပေါင်း ၁၅၀ သန်းလောက်ရှိသွားပြီ။ ဘာအတွက်လဲဗျာ။”
“အဲဒီပိုက်ဆံကို ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူး။ ကံမကောင်းရင် စာချုပ်ရဲ့ နောက်ဆုံးနှစ်တွေမှာ ကစားသမားက ကစားနိုင်တော့မှာတောင် မဟုတ်ဘူး။ အဲဒီလိုလုပ်ခြင်းအားဖြင့် ပထမနှစ်အနည်းငယ်အတွင်း အောင်မြင်မှု ပိုများနိုင်ခြေရှိတာကိုပဲ ရင်းနှီးမြှုပ်နှံရာရောက်တယ်။ ဒါက လောင်းကြေးထပ်တာ နဲ့တူတယ်။ ကျွန်တော်ဆို ဘယ်တော့မှ ဒီလိုလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။
Photo Credit : Goal
ရန်းနစ်ခ်က မန်ချက်စတာ ယူနိုက်တက်မှာ ခေါင်းဆောင်မှု ပြဿနာ ရှိနေတယ်လို့လည်း ထပ်လောင်းစွပ်စွဲခဲ့ပါတယ်။ “ကျွန်တော်ထွက်သွားပြီးကတည်းက သူတို့ ပေါင် ၇၀၀-၈၀၀ သန်းလောက် သုံးထားတယ်။ အသင်းက အဆင့် ၁၅ မှာ။ နည်းပြတွေလည်း အကြိမ်ကြိမ် ပြောင်းလဲခဲ့တယ်။ အခုလည်း (ရူဘန်) အာမိုရင်က ကောင်းမွန်တဲ့ နည်းပြတစ်ဦးပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာ အဆင်မပြေရင် နောက်ထပ်နည်းပြတစ်ဦးက သူ့ရဲ့စနစ်အသစ်၊ အတွေးအခေါ်အသစ်နဲ့ ရောက်လာမယ်။ သူက ကစားသမားအသစ်တွေ ခေါ်လာမယ်။ ဒီတော့ ဂျိုဟန် ခရိုက်ဖ်အကြောင်း အစကပြောခဲ့တာတွေဆီ ပြန်ရောက်သွားတယ်။ အစီအစဉ်တွေကို ဘယ်သူက ဆုံးဖြတ်မလဲဆိုတာ ရှိကိုရှိရမယ်။”
“ကျွန်တော်ထင်တယ်၊ ၂၀၁၃ ဆာအဲလက်စ် ကလပ်ကနေ ထွက်သွားတဲ့အချိန်ကို ပြန်လှည့်ကြည့်ရမယ်။ သူရှိတုန်းက သူက အရာအားလုံးရဲ့ ဦးနှောက်ပဲ။ အရေးကြီးတဲ့သူတွေကိုလည်း ကလပ်ဆီ ခေါ်လာခဲ့တယ်။ သူထွက်သွားတော့ အဲဒီလူတချို့လည်း ကလပ်ကနေ သူနဲ့အတူ ထွက်သွားကြတယ်။ အဲဒီအချိန်ကတည်းက ကလပ်မှာ ခေါင်းဆောင်မှု ပြဿနာရှိတယ်လို့ ကျွန်တော်ထင်တယ်။ တကယ်တမ်း ဆုံးဖြတ်ချက်တွေကို ဘယ်သူက ချတာလဲ၊ ဘာကြောင့် ချတာလဲဆိုတာပေါ့။” လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။