လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် ဂျယ်ရမီ ဖရင်ပေါင်က လေဗာကူဆင်ကနေ အသင်းဖော်ဟောင်း ဖလော်ရီယန် ဝါ့ဇ်ပါ လီဗာပူးလ်အသင်းဆီ အတူတကွ ရောက်ရှိလာတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့က ပိုပြီး ပျော်စရာကောင်းသွားတယ်လို့ ယုံကြည်နေပါတယ်။
ဖရင်ပေါင်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးလ်ရဲ့ ပထမဆုံး ခေါ်ယူမှုဖြစ်ပြီး ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကနေ ပေါင် ၂၉ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဝါ့ဇ်ကလည်း သူ့နောက်ကိုလိုက်ပြီး မာဆေးဆိုဒ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဝါဇ်ရဲ့ ပြောင်းရွှေ့ကြေးကတော့ ကလပ်စံချိန်တင် ပေါင် ၁၁၆ သန်း (€၁၃၅ သန်း) အထိ ရှိပြီး အပိုဆုကြေးတွေအပါအဝင် ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ကိုတော့ သောကြာနေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
ဂျာမန်လက်ရွေးစင်ကစားသမား ဝါ့ဇ်ဟာ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ လေဗာကူဆင်အတွက် အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး စပိန်နည်းပြလက်အောက်မှာ ၁၁၉ ပွဲကစားကာ ၃၈ ဂိုးသွင်း ၄၃ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၃-၂၄ ရာသီမှာ လေဗာကူဆင်အသင်းနဲ့အတူ သမိုင်းတစ်လျှောက် ပထမဆုံး ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ရှုံးပွဲမရှိ ပြည်တွင်းရာသီမှာ DFB-Pokal ဖလားကိုလည်း ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာလည်း ဝါ့ဇ်ဟာ ဂိုးပေါင်း ၃၀ မှာ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ပါတယ်။ သူ့ရဲ့ ၁၆ ဂိုးဟာ အသင်းဖော် ပက်ထရစ် ရှစ်ခ် (၂၇ ဂိုး) ပြီးရင် ဒုတိယအများဆုံးဖြစ်ပြီး ဂိုးသွင်းနိုင်မှု အလားအလာ (xG) ၁၃.၈ ရှိခဲ့ရာကနေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါ့ဇ်ဟာ ဂိုးဖန်တီးမှု ၁၄ ကြိမ်နဲ့ အများဆုံးပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Photo Credit : This is Anfield
ESPN NL နဲ့ တွေ့ဆုံရာမှာ ဖရင်ပေါင်က “ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။ လီဗာပူးလ်အတွက် ကစားရမှာကို အရမ်းမျှော်လင့်နေတယ်။ ပြီးတော့ ကျွန်တော့်သူငယ်ချင်းကောင်း ဖလော်ရီယန် ဝါ့ဇ်လည်း လိုက်လာတယ်လေ။ ဒါက ပိုပြီးတော့တောင် ပျော်စရာကောင်းသွားတာပေါ့။ ဒတ်ချ်လက်ရွေးစင်အသင်းကနေ သိတဲ့ကစားသမားတချို့လည်း ဒီမှာရှိနေပြီ။ ဒါကြောင့် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်တော့စမလဲဆိုတာကိုတောင် မစောင့်နိုင်တော့ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဖရင်ပေါင်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ ထရန့် အလက်ဇန်းဒါး အာနိုးရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူခံရတာဖြစ်ပြီး လေဗာကူဆင်ရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၃-၂၄ ရာသီအစကတည်းက ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ နောက်တန်းကစားသမားတွေထဲ ဂိုးအများဆုံး (၁၉ ဂိုး) သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။