မန်ချက်စတာ ယူနိုက်တက်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်က သူ့အနေနဲ့ အသင်းမှာ အတက်အကျများတဲ့ ကစားသမားဘဝကို ဖြတ်သန်းရင်း လွတ်လပ်တဲ့ကစားသမားတစ်ယောက်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့ကြောင်း ပြောကြားရင်း သူ့ကိုယ်သူ အာဆင်နယ်ဂန္ထဝင် သီယာရီ အွန်နရီနဲ့ပါ နှိုင်းယှဉ်ပြောဆိုလိုက်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ၂၀၂၄-၂၅ ရာသီမှာ ခြေစွမ်းကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ အက်စတွန် ဗီလာအသင်းထံ အငှားချခံခဲ့ရပါတယ်။ ဗီလာပါ့ခ်မှာတော့ အင်္ဂလန်တိုက်စစ်မှူးဟာ နည်းပြ အူနိုင်း အမ်မရီရဲ့ လမ်းညွှန်မှုအောက်မှာ ယုံကြည်မှုတွေ ပြန်လည်ရရှိခဲ့ပြီး ရာသီသိမ်းကို ခြေစွမ်းကောင်းတွေနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

Photo Credit :

အခုအခါမှာတော့ ရပ်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေမယ့် အသင်းမှာ သူ့ရဲ့အနာဂတ်ကတော့ မရေမရာဖြစ်နေဆဲပါ။ ဒီနွေရာသီမှာ သူ့ကို မန်ယူနိုက်တက်ကနေ အပြီးသတ်ရောင်းထုတ်ဖို့ သတင်းတွေ ထွက်ပေါ်နေပြီး ရပ်ရှ်ဖို့ဒ်ဟာလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလဟာလတွေကြားမှာပဲ အင်္ဂလန် လက်ရွေးစင် ကစားသမားက ဘောလုံးသမားတစ်ယောက်အနေနဲ့ သူ့ရဲ့ပြောင်းလဲတိုးတက်လာပုံကို ဂန်းနားတို့ရဲ့ ပြင်သစ်ဘောလုံးအကျော်အမော် အွန်နရီနဲ့ နှိုင်းယှဉ်ပြီး အခုလို ဖွင့်ဟခဲ့ပါတယ်။

Photo Credit : Manchester Evening News

စပိန် YouTube ချန်နယ်တစ်ခုဖြစ်တဲ့ XBuyer နဲ့ မာဘယ်လာမြို့မှာ တွေ့ဆုံရာမှာ အသက် ၂၇ နှစ်အရွယ် ရပ်ရှ်ဖို့ဒ်က “ကျွန်တော့်ကိုယ်ကျွန်တော် အွန်နရီလိုပဲ မြင်တယ်။ သူက ဘယ်တောင်ပံမှာရော အထောင်တိုက်စစ်မှူးနေရာမှာပါ ကစားရတာကို သက်တောင့်သက်သာရှိတယ်။ သူက လွတ်လပ်တဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော် တိုးတက်လာတာနဲ့အမျှ နံပါတ် ၉ နေရာက ပိုပြီး သက်တောင့်သက်သာနဲ့ သဘာဝကျလာတယ်။ ဂိုးကို ကျောပေးကစားရတာမျိုးတွေက ကျွန်တော့်အတွက် ပိုလွယ်ကူလာတယ်။ အဲ့ဒီနေရာမှာဆိုရင် သင်က အမြဲတမ်း ဂိုးရှေ့မှာ ရှိနေပြီး အမြဲတမ်း အန္တရာယ်ပေးနိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အသင်းသစ် မရှာနိုင်သေးခင်မှာတော့ လာမယ့်လ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေအတွက် ကလပ်အသင်းကို ပြန်မလာခင် လက်ရှိမှာတော့ အားလပ်ရက် အနားယူနေပါတယ်။