လီဗာပူးလ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားသစ် ဖလိုရီယန် ဝါ့ဇ်က လေဗာကူဆင်အသင်းကနေ တန်ဖိုးကြီးပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီးနောက်မှာ နှစ်တိုင်း အရာအားလုံးကို ရယူချင်တယ်ဆိုတဲ့ သူ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ကြေညာလိုက်ပါတယ်။

ဂျာမန်တို့ရဲ့ ရွှေခြေထောက်ရှင်လေးက ပေါင် သန်း ၁၀၀ (ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းအထိ မြင့်တက်လာနိုင်တဲ့) တန်ဖိုးရှိတဲ့ သူ့ရဲ့အပြောင်းအရွှေ့အပြီးမှာ လီဗာပူးလ်ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို စတင်ခံစားနေရပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Photo Credit : BBC

ဝါ့ဇ်ဟာ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ် မက်ဒရစ်တို့လို ထိပ်တန်းအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက်မှာ လီဗာပူးလ်အသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက သူ့ကို ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူခဲ့တာကြောင့် သူဟာ ခြေစွမ်းပြသဖို့ မျှော်လင့်ခံနေရသူလည်း ဖြစ်ပါတယ်။

ဝါ့ဇ်က “ကျွန်တော်ကတော့ နှစ်တိုင်း အရာအားလုံးကို အနိုင်ယူချင်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အလုပ်တွေလုပ်ရမယ်၊ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့်အလုပ်ကို လုပ်ရပါမယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အောင်မြင်ချင်ကြပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ကို ရယူနိုင်ခဲ့တယ်လေ။ ဒါကြောင့် ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်ကို ထပ်နိုင်ပြီး ချန်ပီယံလိဂ်မှာလည်း ရှေ့ဆက်သွားနိုင်ဖို့ပါပဲ။ ကျွန်တော်က တကယ်ကို ရည်မှန်းချက်ကြီးတဲ့သူပါ။” လို့ ဆိုပါတယ်။

Photo Credit : Liverpool FC

“ကျွန်တော့်ရှေ့မှာ စွန့်စားခန်းအသစ်တစ်ခု ရှိနေတာကြောင့် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ဘွန်ဒက်စ်လီဂါကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ဆိုတာ ကျွန်တော့်အတွေးထဲက အရေးကြီးတဲ့ အချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားက သူ့ရဲ့ Instagram က ဗီဒီယိုတစ်ခုမှာလည်း “ကျွန်တော် ဘာပြောရမလဲ။ ကျွန်တော့်ကို လာစေချင်ကြတယ်ဆိုတာ Instagram နဲ့ တခြားနေရာတွေမှာ တွေ့နေရတာမို့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။”

“အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရှေ့မှာ ကစားပြီး အတူတကွ အောင်မြင်မှုကြီးတွေ ရယူဖို့ကိုလည်း တကယ်ပဲ မျှော်လင့်နေပါတယ်။ ဒါကြောင့် ဒီကိုရောက်လာရတာ အရမ်းပျော်ပြီး စောင့်ဆိုင်းရတာကြာသွားတဲ့အတွက် တောင်းပန်ပါတယ်” လို့ ဆိုပါတယ်။ နည်းပြအာနေး ဆလော့ဟာ ဝါ့ဇ်ရဲ့ လေဗာကူဆင်အသင်းဖော်ဟောင်း ဂျယ်ရမီ ဖရင်ပေါင်ကို ပေါင် ၂၉.၅ သန်းနဲ့ ခေါ်ယူထားပြီးသား ဖြစ်ပါတယ်။