အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်းနဲ့ RB လိုက်ပ်ဇစ်အသင်းကလည်း သူတို့ရဲ့ နောက်ဆုံးတောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ပြောကြားလိုက်ကြောင်း သတင်းတွေအရ သိရပါတယ်။
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ နွေရာသီ အဓိက ပစ်မှတ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာပုံရပါတယ်။ ဂျာမန်အားကစားသတင်းဌာန Sport Bild ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်စ်ကိုဟာ ၂၀၂၄-၂၅ ရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
Photo Credit : Football Transfer
သူ့ရဲ့ ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ပြီးခဲ့တဲ့နွေရာသီကတည်းက စိတ်ဝင်စားမှုပြသခဲ့တဲ့ အာဆင်နယ်ဟာ ဒီတစ်ကြိမ်မှာတော့ ပိုမိုခိုင်မာတဲ့ခြေလှမ်းတွေနဲ့ ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းဟာ ဆက်စ်ကိုရဲ့ ဈေးကွက်တန်ဖိုးနဲ့အညီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို မျှော်လင့်နေပြီး သတင်းတွေအရ ဂျာမန်ကလပ်ဟာ ပေါင် ၆၈.၅ သန်းမှ ပေါင် ၈၅.၅ သန်း ကြား တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်ဘက်က တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့် လိုက်ပ်ဇစ်ရဲ့ တန်ဖိုးဖြတ်မှုကို ပေးချေသွားဖို့ ဆန္ဒရှိကြောင်း အသိပေးပြောကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ လိုက်ပ်ဇစ်အသင်းကလည်း လာမယ့်ရက်ပိုင်းအတွင်း ခိုင်မာတဲ့ ကမ်းလှမ်းမှုတစ်ခုကို မျှော်လင့်နေပြီး အာဆင်နယ်ရဲ့ ရာသီကြိုခရီးစဉ်မတိုင်မီ အပြည့်အဝ သဘောတူညီမှုရရှိဖို့ ယုံကြည်မှုတွေ တိုးပွားနေပါတယ်။
Photo Credit : Sky Sports
ဆက်စ်ကိုအတွက် အဓိက ဆွဲဆောင်မှုတစ်ခုကတော့ လာမယ့်ရာသီမှာ ဥရောပရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရမှာ ဖြစ်တာကြောင့်ပါ။ လိုက်ပ်ဇစ်အသင်းဟာ ဘွန်ဒက်လီဂါမှာ အဆင့် ၇ နဲ့သာ ရာသီသိမ်းခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့် အာဆင်နယ်ကတော့ ပြည်တွင်းလိဂ်မှာ ခြေစွမ်းပြပြီး ဝင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။ ဆက်စ်ကိုဟာ အသင်းပြောင်းရွှေ့ဖို့အတွက် ဆန္ဒပြတောင်းဆိုတာမျိုး မရှိဘဲ တည်ငြိမ်နေပေမယ့် ဥရောပရဲ့ အကြီးမားဆုံးပြိုင်ပွဲကြီးမှာ အာဆင်နယ်ကို ကိုယ်စားပြုကစားရမယ့် အခွင့်အရေးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဒီအပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်တွေ ကျန်ရှိနေသေးပေမယ့် အာဆင်နယ်ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ကာလရှည် ပစ်မှတ်ကစားသမားတစ်ဦး မကြာခင်မှာ အနီရောင်နဲ့ အဖြူရောင်ဂျာစီကို ဝတ်ဆင်လာတော့မလားဆိုပြီး အကောင်းမြင်စိတ်နဲ့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။ မကြာသေးမီက ဆက်စ်ကိုကို ပြည်ပကလပ်တွေကလည်း စိတ်ဝင်စားခဲ့ကြပြီး ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက မြင့်မားတဲ့လစာနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ တိုက်စစ်မှူးဖြစ်သူက အဆိုပါကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် သူ့ရဲ့အာရုံက ပရီးမီးယားလိဂ် အထူးသဖြင့် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့အပေါ်မှာပဲ ရှိနေတယ်ဆိုတာကို ပိုမိုခိုင်မာစေခဲ့ပါတယ်။