အာဆင်နယ်အသင်းအနေနဲ့ နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ ဘင်ဂျမင် ဆက်စ်ကို ဒါမှမဟုတ် ဗစ်တာ ယိုကီရက်စ်တို့အစား လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကိုသာ ခေါ်ယူသင့်ကြောင်း လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဒင်း ဆောင်းဒါးစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ နူနက်ဇ်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးဖြစ်တာကြောင့် အခြားကစားသမားတွေထက် စွန့်စားရမှု နည်းတယ်လို့ သူက အကြောင်းပြခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒင်း ဆောင်းဒါးစ်က talkSPORT နဲ့ အင်တာဗျူးမှာ အခုလို သုံးသပ်ပြောကြားခဲ့ပါတယ်။ “အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဆက်စ်ကို နဲ့ ယိုကီရက်စ်တို့က သူတို့ရဲ့ သက်ဆိုင်ရာလိဂ်တွေမှာ ဂိုးတွေအများကြီး သွင်းထားကြတာမှန်တယ်။ ဆက်စ်ကိုက (၂၁) ဂိုး ယိုကီရက်စ်ကဆို (၅၂) ပွဲမှာ (၅၄) ဂိုးအထိ သွင်းထားတယ်။ ဒါပေမဲ့ သူတို့က ပရီးမီးယားလိဂ်အတွက်တော့ စွန့်စားရမယ့် ခေါ်ယူမှု (gambles)တွေပဲ” လို့ ဆောင်းဒါးစ်က ဆိုပါတယ်။

Photo Credit : Caught Offside

“နူနက်ဇ်ကိုသာ ကြည့်။ သူက ပရီးမီးယားလိဂ်မှာ ကစားနေတာ နှစ်အနည်းငယ်ရှိပြီ။ သူ့ဆီက ဘာတွေမျှော်လင့်နိုင်မလဲဆိုတာ သင်သိနေပြီ။ သူ အာဆင်နယ်ကိုသာရောက်သွားရင် တစ်ရာသီ ၂၅ ဂိုးလောက် သွင်းပြသွားလည်း ကျွန်တော် အံ့သြမှာမဟုတ်ဘူး။ သူ့ရဲ့အကောင်းဆုံးအချက်က ဂိုးမသွင်းနိုင်တဲ့နေ့တွေမှာတောင် အသင်းအတွက် မနားတမ်း ကြိုးစားပမ်းစား ကစားပေးတယ်။ ဘယ်တော့မှ အသင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူး။ ဒါကြောင့်လည်း လီဗာပူးလ်ပရိသတ်တွေက သူ့ကိုချစ်ကြတာ။” လို့ သူက ရှင်းပြခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြ အာနီ ဆလော့တ်ရဲ့ လက်ထက်မှာ အသင်းကို အပြောင်းအလဲအချို့ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဖလိုရီယန် ဝါ့ဇ်လို ကစားသမားမျိုးကို ပေါင် သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်သလို အသင်းမှာ လိုအပ်နေတဲ့ နေရာအတွက်ကိုလည်း ထပ်မံ အင်အားဖြည့်တင်းလိုနေပါတယ်။ကစားသမားသစ်တွေ ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေးတွေ သုံးစွဲဖို့အတွက် လက်ရှိအသင်းက ကစားသမားအချို့ကို ရောင်းထုတ်ဖို့ လိုအပ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်ခွင့် ပုံမှန်မရခဲ့တဲ့ နူနက်ဇ်ဟာ ပေါင် သန်း ၅၀ ဝန်းကျင်လောက်နဲ့ ရောင်းချခံရနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Photo Credit : DaveOCKOP

နည်းပြဆလော့တ် ကိုယ်တိုင်ကလည်း နူနက်ဇ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး “အသင်းမှာ ကစားသမားတိုင်းက သူတို့ရဲ့အခန်းကဏ္ဍကို လက်ခံကြရတယ်။ တစ်ခါတလေ ပွဲတိုင်းထွက်ရသလို တစ်ခါတလေမှာလည်း ပွဲထွက်ခွင့်မရတာမျိုး ကစားချိန် နည်းတာမျိုးတွေ ရှိနိုင်တယ်။” လို့ ပြောကြားထားတာကြောင့် နူနက်ဇ်အတွက် ပုံမှန်ပွဲထွက်ခွင့်က အာမခံချက်မရှိပါဘူး။

ဥရုဂွေးတိုက်စစ်မှူးကို ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းက ပေါင် သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ဖူးသလို အီတလီကလပ်တွေဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ အဆုံးမှာတော့ အာဆင်နယ်အနေနဲ့ ဂျာမန်လိဂ်နဲ့ ပေါ်တူဂီလိဂ်က ဂိုးသွင်းစက်တွေကို စွန့်စားပြီးခေါ်မလား ဒါမှမဟုတ် ပရီးမီးယားလိဂ်ရဲ့အကြမ်းအတမ်းကို နားလည်ပြီးသားဖြစ်တဲ့ ကြိုးစားမှုအပြည့်နဲ့ ကစားတတ်ပေမယ့် တစ်ခါတရံ ဂိုးပေါက်ပျောက်တတ်တဲ့ ဒါဝင် နူနက်ဇ်ကိုပဲ အားဖြည့်သွားမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။