မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ်နဲ့ အမျိုးသမီး စူပါလိဂ် နှစ်ခုလုံးမှာ ချန်ပီယံဆုဖလားတွေ ဆွတ်ခူးနိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကို ဆက်လက် ကိုင်စွဲသွားမှာဖြစ်ကြောင်း အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူ အိုမာ ဘယ်ရာဒါက အတည်ပြုပြောကြားလိုက်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက် အမျိုးသားအသင်းဟာ ၁၉၇၃-၇၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး လိဂ်ရာသီကို ဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နဲ့သာ ရာသီသိမ်းခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်တွေနဲ့လည်း လွဲချော်ခဲ့ရပါတယ်။ ယူနိုက်တက် အမျိုးသမီးအသင်းကတော့ WSL မှာ အဆင့် ၃ နေရာရရှိခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဖလားသုံးလုံးပိုင်ရှင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
Photo Credit : Sportskeeda
အမှုဆောင်ချုပ် ဘယ်ရာဒါက အသင်းရဲ့ ပရိသတ်တွေ ဦးစီးထုတ်ဝေတဲ့ “United We Stand” ဖန်မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လာမယ့် သုံးနှစ်အတွင်း ဆုဖလားနှစ်လုံးလုံးကို ကိုင်မြှောက်နိုင်ရေး ရည်မှန်းချက်ကို ထပ်မံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။
“ဒါက ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ စွမ်းအင်တွေကို အဲ့ဒီပန်းတိုင်ဆီမှာ အာရုံစိုက်ထားနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ပန်းတိုင်တွေ ဆက်တိုက်ချမှတ်ထားခြင်းပါပဲ။ အသင်းက ၂၀၂၈ မှာ ပရီးမီးယားလိဂ်ဖလားကို ရနိုင်မလားဆိုတော့ လုံးဝရနိုင်ပါတယ်။ ကျွန်တော်တို့ အခု အဆင့် ၁၅ နဲ့ ရာသီသိမ်းခဲ့တာဆိုတော့ ဒါက မဖြစ်နိုင်တဲ့အလုပ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဘာလို့ အဲ့ဒီအတွက် မရည်မှန်းနိုင်ရမှာလဲ။ ဘာလို့ ကျွန်တော်တို့ရဲ့ အင်အားရှိသမျှနဲ့ မကြိုးစားနိုင်ရမှာလဲ။” လို့ ဘယ်ရာဒါက ဆိုပါတယ်။
Photo Credit : Premier League
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကမှ တစ်မြို့တည်းပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကနေ ယူနိုက်တက်ဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်ရာဒါက အမျိုးသားအသင်းအနေနဲ့ အခြေအနေတွေကို အချိန်တိုအတွင်း ပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ ဒါကို လုပ်နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။”
“ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် စတင်ယှဉ်ပြိုင်နိုင်မယ့် အသင်းတစ်သင်းကို တည်ဆောက်ဖို့ ကျွန်တော်တို့မှာ နွေရာသီအပြောင်းအရွှေ့ကာလ နှစ်ခု သုံးခုလောက် အချိန်ရပါသေးတယ်။ အဲ့ဒီအချိန်အထိ ကျွန်တော်တို့ ချန်ပီယံ မဖြစ်ချင်ဘူးလို့ ဘယ်သူမှ မပြောပါဘူး။ ကျွန်တော်တို့က သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုနဲ့ ပန်းတိုင်တစ်ခုကို ချမှတ်ပြီး အဲ့ဒါကို ရရှိအောင် ကြိုးစားသွားဖို့ ရည်မှန်းထားတာပါ။” ဟု ၎င်းက ပြောကြားခဲ့သည်။