တော့တင်ဟမ် ဟော့စပါးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်လိုက်ပြီဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။ ဒါဟာ ကစားသမားကို ခေါ်ယူဖို့ သတင်းကြီးနေတဲ့ မန်ချက်စတာ ယူနိုက်တက်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

စပါးအသင်းဟာ ကြာသပတေးနေ့က ဘရန့်ဖို့ဒ်နည်းပြဟောင်း သောမတ်စ် ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ် အမ်ဘူမိုဟာ နည်းပြသစ် ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်အသင်းမှာ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူပါ။

Photo Credit : Goal

ဒါပေမဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ နည်းပြ ဖရန့်ခ် စပါးအသင်းကို ရောက်ရှိလာပြီးနောက်မှာ အမ်ဘူမိုကို ခေါ်ယူဖို့ စပါးအသင်းက အလေးအနက်ထား ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ အရင်က အမ်ဘူမိုဟာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ အခုအခါမှာတော့ နည်းပြဟောင်းနဲ့ ပြန်လည်လက်တွဲရမယ့် အခွင့်အရေးကြောင့် စပါးအသင်းကို ပြောင်းဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

စပါးနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ဟာ ဒီအပြောင်းအရွှေ့အတွက် ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)ဝန်းကျင် သတ်မှတ်ထားပါတယ်။

Photo Credit : Yardbarker

စပါးနည်းပြသစ် ဖရန့်ခ် ကိုယ်တိုင်ကလည်း ဘရန့်ဖို့ဒ်နည်းပြအဖြစ် ရှိနေစဉ်မှာ အမ်ဘူမိုရဲ့ တန်ကြေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။ “သူ့ကို ရောင်းမယ်ဆိုရင် တကယ်ကို မြင့်တဲ့ အရမ်းမြင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ခု ရရမှာ သေချာပါတယ်။ အများကြီးပဲ တကယ့်ကို အများကြီးပါ။ အသင်းလတ်တစ်သင်းအတွက် ဂိုး(၂၀)သွင်းပြီး ဂိုးဖန်တီးမှု (၇)ကြိမ် လုပ်နိုင်တဲ့ တောင်ပံကစားသမား ဘယ်နှယောက်ရှိလို့လဲ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းကလည်း ထိပ်တန်းအဆင့်ပါ။ ဒီအချက်တွေကြောင့် သူဟာ တန်ဖိုးကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။” လို့ ပြောထားခဲ့ပါတယ်။

ကင်မရွန်းလက်ရွေးစင် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ဂိုး(၂၀)အထိ သွင်းယူနိုင်ခဲ့သူပါ။ စပါးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ယိုဟန် လန်းဟာ ဒီအပြောင်းအရွှေ့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လန်းနဲ့ နည်းပြ ဖရန့်ခ်တို့ဟာ ဒိန်းမတ်နိုင်ငံက Lyngby ကလပ်မှာ အတူတကွ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ စပါးအသင်းဟာ ဒီနွေရာသီမှာ တောင်ပံတိုက်စစ်နေရာကို အားဖြည့်ဖို့ ကြိုးစားနေပြီး အမ်ဘူမိုအပြင် ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ဆီမန်ညိုကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။