ရီးယဲလ် မက်ဒရစ်ကစားသမားသစ် ထရန့် အလက်ဇန်းဒါး အာနိုးက သူ့ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်သူ ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ ကစားရမှာဖြစ်လို့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အသက်(၂၆)နှစ်အရွယ် အာနိုးဟာ ဒီလအစောပိုင်းမှာ လီဗာပူးလ်ကနေ ထွက်ခွာပြီး စပိန်ဘီလူးကြီးဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ရီးယဲလ်ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန် ညာနောက်ခံလူဟာ လေဗာကူဆင်ကနေ ထွက်ခွာလာပြီး လာလီဂါအသင်းကို ကာလို အန်ဆယ်လော့တီရဲ့နေရာမှာ အစားထိုးကိုင်တွယ်မယ့် ရီးယဲလ် မက်ဒရစ်နည်းပြသစ် အလွန်ဆိုနဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ၂၀၀၅ ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး အန်ဖီးလ်မှာ ငါးနှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။
Photo Credit : Real Madrid Confidencial
အာနိုးက “ကျွန်တော် ဇာဘီနဲ့ အကြိမ်အနည်းငယ်လောက် စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တယ်။ သူဟာ ကျွန်တော့်ရဲ့ ကလေးဘဝ စံပြပုဂ္ဂိုလ်ပါလို့။ ဒါကြောင့် သူနဲ့အတူ အလုပ်လုပ်ခွင့်ရတာဟာ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။ ဒီကိုရောက်လာရလို့ အရမ်းစိတ်လှုပ်ရှားပါတယ်။ ဒီကလပ်ကို အားပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူ့ရဲ့သမိုင်းကြောင်းကိုတော့ လေးစားရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
အာနိုးဟာ ရီးယဲလ်ရဲ့ ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး လူတော်တော်များများက သူ့ရဲ့အင်္ဂလန် လက်ရွေးစင် အသင်းဖော်ဟာ သူ့ကို လီဗာပူးလ်ကနေ ထွက်ခွာပြီး မက်ဒရစ်ကို ပြောင်းလာဖို့ တိုက်တွန်းခဲ့သူလို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ သူက “ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ ဒါပေမဲ့ လူတွေထင်သလိုတော့ မဟုတ်ပါဘူး။ လူတော်တော်များများက ကျွန်တော်ဒီကိုရောက်လာဖို့ သူက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ဒီကလပ်အသင်းရဲ့ နာမည်ဂုဏ်သတင်းကပဲ သူ့ဘာသာသူ သက်သေပြနေပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်ပြီး အချိန်အခါကောင်းတစ်ခုလို့လည်း ခံစားမိပါတယ်။” လို့ ဆိုပါတယ်။
Photo Credit : Sky Sports
အာနိုးဟာ လာမယ့်အပတ်မှာ စတင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့အတွက် စပိန်ကလပ်က လီဗာပူးလ်ကို ပေါင်(၁၀)သန်းပေးချေပြီးနောက် ရီးယဲလ် မက်ဒရစ်နဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ သူဟာ ကျောနံပါတ်(၁၂)ကို ဝတ်ဆင်မှာဖြစ်ပြီး သူ့ရဲ့ဂျာစီကျောဘက်မှာ Alexander-Arnold အစား ‘Trent’ လို့ပဲ ရိုက်နှိပ်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
“ကျွန်တော့်ဂျာစီနာမည်ကို ‘Trent’ လို့ပဲ သုံးတာက ရှင်းပြရလွယ်ပါတယ်။ ဥရောပကို ခရီးသွားတဲ့အခါ နာမည်သုံးလုံးပါတာ နှစ်ပိုင်းခွဲခေါ်ရတာတွေက အမြဲအခက်အခဲဖြစ်တယ်။ လူတွေက ကျွန်တော့်ကို အာနိုးလ်၊ အဲလက်စ်၊ ထရန့် စသဖြင့် ခေါ်ကြတယ်။ ဒါနဲ့ ကျွန်တော် ရိုးရှင်းအောင် လုပ်လိုက်တယ်။ ထရန့် လို့ပဲပေါ့။ ဒါက ကျွန်တော့်နာမည်လေ။ လူတွေကလည်း ဒီလိုပဲခေါ်ကြမှာပါ။” လို့ သူက ရှင်းပြခဲ့ပါတယ်။