ပေါ်တူဂီအသင်းရဲ့ အပြောင်မြောက်ဆုံး နောက်ခံအစွန်လူ နူနို မန်ဒက်စ်ဟာ Nations League ဖိုင်နယ်မှာ စပိန်ကို အနိုင်ရပြီးနောက် စပိန်ရဲ့ ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမားလေး လာမင်း ယာမဲလ်ကို လုံးဝ တိတ်ဆိတ်သွားအောင် လုပ်နိုင်ခဲ့တယ်လို့ ကြွေးကြော်လိုက်ပါတယ်။

ပေါ်တူဂီနဲ့ စပိန်တို့ရဲ့ Nations League ဖိုင်နယ်ပွဲစဉ်မှာ စပိန် ဆယ်ကျော်သက် ကစားသမား ယာမဲလ်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့တာဝန်ဟာ မန်ဒက်စ်ရဲ့ပခုံးပေါ် ကျရောက်ခဲ့ပေမယ့် မန်ဒက်စ်ဟာ ဒီပွဲမှာ ယာမဲလ်ကိုအသာစီးရခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဘယ်နောက်ခံလူ မန်ဒက်စ်ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း နောက်ခံလူအများအပြား မလုပ်နိုင်ခဲ့တဲ့အရာတစ်ခုကို လုပ်ပြနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပွဲတစ်ပွဲလုံးမှာ ယာမဲလ်ကို တိတ်ဆိတ်သွားအောင် ထိန်းချုပ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အသက်(၁၇)နှစ်အရွယ် ယာမဲလ်ကို သူ ချေမှုန်းနိုင်ခဲ့တာကြောင့် ပေါ်တူဂီဟာ သူတို့ရဲ့ ဒုတိယမြောက် Nations League ဖလားကို ရရှိခဲ့ခြင်းအပေါ် မန်ဒက်စ်ဟာ ပျော်ရွှင်နေပါတယ်။

Photo Credit : Tribuna

မီဒီယာတွေကို ပြောကြားရာမှာ မန်ဒက်စ်က “ဒါဟာ ကျွန်တော် ဒီရာသီတစ်လျှောက်လုံး ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေထဲက တစ်ခုပါပဲ။ ခြားနားမှုတွေကို ဖန်တီးနိုင်တဲ့ နည်းစနစ်ပိုင်း အရမ်းကောင်းတဲ့ ထူးချွန်တဲ့ ကစားသမားတွေ အများကြီးနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော် လာမင်းကို ချေမှုန်းနိုင်ခဲ့ပြီး သူလုပ်နိုင်တဲ့ အကောင်းဆုံးအရာတွေကို မလုပ်နိုင်အောင် တားဆီးနိုင်ခဲ့ပါတယ်။”

“ဒါက အသင်းကို အထောက်အကူဖြစ်စေခဲ့ပြီး ဒီဖလားကို အသင်းက ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ အားလုံးဟာ တည်ငြိမ်မှုအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် ကောင်းမွန်တဲ့ပွဲစဉ်တွေ အများကြီး ကစားခဲ့ပြီး ဒါတွေဟာ ပီအက်စ်ဂျီနဲ့ ပေါ်တူဂီက နည်းပြတွေနဲ့အတူ ကျွန်တော် တစ်ဦးချင်း လုပ်ဆောင်ခဲ့တဲ့ လေ့ကျင့်မှုတွေကြောင့်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ယာမဲလ်ဟာ ဒီနှစ် ဘလွန်းဒီအော်ဆုအတွက် ထိပ်ဆုံးက ရေပန်းစားသူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး မန်ဒက်စ်ရဲ့ ပီအက်စ်ဂျီအသင်းဖော် အူစမန် ဒမ်ဘီလီနဲ့အတူ ရေပန်းစားနေပါတယ်။ ဒါပေမဲ့ ပေါ်တူဂီ ဘယ်နောက်ခံလူ မန်ဒက်စ်ကတော့ ပြင်သစ် စူပါကြယ်ပွင့် ဒမ်ဘီလီဟာ ဒီဆုကို ရရှိဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

သူက “ဘာလွန်းဒေါလား။ ကျွန်တော် အူစမန် [ဒမ်ဘီလီ] နဲ့ ကစားနေပြီး သူက အံ့သြစရာကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ လာမင်းလည်း အံ့သြစရာကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အူစမန်က ကလပ် ကမ္ဘာ့ဖလားမှာ ပါဝင်မှာဖြစ်ပြီး လာမင်းကတော့ မပါဝင်ပါဘူး။ ဒါကြောင့် အူစမန်အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ သူ ပီအက်စ်ဂျီကို မရောက်ခင် ဘာစီလိုနာမှာ ဒဏ်ရာတွေ အများကြီးရခဲ့ပေမဲ့ သူက အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ကစားသမားတစ်ဦးအနေနဲ့ရော လူတစ်ဦးအနေနဲ့ပါ ကျွန်တော် သူ့ကို အရမ်းကြိုက်ပါတယ်။ ဘာလွန်းဒေါအတွက် သူ့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပြီး ကျွန်တော်နဲ့ သူ့ရဲ့အသင်းဖော်တွေက သူ့ကို ရရှိအောင် ကူညီပေးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။