ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးရဲ့နေရာမှာ ရေရှည် အစားထိုးနိုင်ဖို့အတွက် အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ဂျူလီယန် အယ်ဗာရက်ဇ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာကိုယ်တိုင်က အယ်ဗာရက်ဇ်ကို ထိပ်တန်း ဦးစားပေး ကစားသမားအဖြစ် သတ်မှတ်ထားကြောင်း စပိန်ရေဒီယို Cadena SER က ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းအရ အယ်ဗာရက်ဇ်ဟာ ရာဖေးလ် လီယာအို အပါအဝင် အခြားပစ်မှတ်တွေကို ကျော်လွန်ပြီး ဘာစီလိုနာရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်လာခဲ့အါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ဟာ လတ်တလော ခေါ်ယူဖို့မဟုတ်ဘဲ လီဝန်ဒေါစကီးရဲ့ လက်ရှိစာချုပ်ကုန်ဆုံးမယ့် ၂၀၂၆-၂၇ ရာသီအတွက် ကြိုတင် ပြင်ဆင်မှုတစ်ခု ဖြစ်ပါတယ်။
Photo Credit : Tribuna
ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ အသက်(၃၆)နှစ် ရှိနေပြီဖြစ်ပေမယ့် ထိပ်တန်းအဆင့်မှာ ခြေစွမ်းပြနေဆဲ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး(၄၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာကြောင့် အသင်းအတွက် သူ့ရဲ့အရေးပါမှုက အစားထိုးမရသေးပါဘူး။
ဒါပေမဲ့ ကတ်တလန် ကလပ်အသင်းကြီးဟာ အနာဂတ်အတွက် ကြိုတင် စဉ်းစားနေပြီး လီဝန်ဒေါစကီးလိုမျိုး ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းနိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦး လိုအပ်လာမယ်ဆိုတာကို သိရှိထားပါတယ်။
Photo Credit : beIN SPORTS
မန်ချက်စတာ စီးတီး တိုက်စစ်မှူးဟောင်း အယ်ဗာရက်ဇ်ဟာလည်း အက်သလက်တီကိုအသင်းမှာ အထူးခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး(၂၉)ဂိုးအထိ သွင်းယူထားပါတယ်။ ဒါပေမဲ့ သူ့ကိုခေါ်ယူဖို့ကတော့ လွယ်ကူမှာမဟုတ်ပါဘူး။ အက်သလက်တီကိုအသင်းဟာ အယ်ဗာရက်ဇ်ကို ယူရို(၇၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး စာချုပ်ပါလျော်ကြေးကို ယူရို သန်း(၅၀၀)ဆိုတဲ့ မဖြစ်နိုင်လောက်တဲ့ ပမာဏနဲ့ သတ်မှတ်ထားပါတယ်။ အသင်းဥက္ကဋ္ဌ အင်းနရီကေး ဆယ်ရီဇိုကလည်း အယ်ဗာရက်ဇ်ကို ရောင်းချမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်ပါတယ်။
လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းအနေနဲ့ လီဝန်ဒေါစကီးနေရာကို ဆက်ခံမယ့်သူကို မျက်စိဖွင့်နားစွင့်နေရင်း၊ သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကို ပြန်လည်တည်ဆောက်နေစဉ်အတွင်းမှာပဲ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ခြေစွမ်းကို လာမယ့် ရာသီတစ်လျှောက်လုံး အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။