မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ဘရန့်ဖို့ဒ် တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအသင်းက ကြားဖြတ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် အခက်တွေ့ဖွယ် ရှိနေပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမား အမ်ဘူမိုကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို ကြားဖြတ် ဟန့်တားဖို့ စီစဉ်နေပြီး ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်ကိုပါ တစ်ပါတည်း ခေါ်ယူနိုင်ခြင်းက ဒီအပြောင်းအရွှေ့ကို အောင်မြင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Photo Credit : Goak

ယူနိုက်တက်အသင်းဟာ အဆိုပါ တောင်ပံတိုက်စစ်ကစားသမားအတွက် ပေါင်(၅၅)သန်းနဲ့ ကနဦး ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် ကမ်းလှမ်းမှုအသစ်တစ်ခု ပြင်ဆင်နေချိန်မှာ စပါးစ်အသင်းက အမ်ဘူမိုအတွက် ပေါင်သန်း(၆၀)အထိ တိုးမြှင့်ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

အမ်ဘူမိုဟာ ယူနိုက်တက်ကို ပြောင်းရွှေ့တော့မယ်လို့ ထင်မှတ်နေချိန်မှာပဲ စပါးအသင်းက ကြားဝင်လာခဲ့သလို မကြာသေးခင်ကမှ ထုတ်ပယ်ခံရထားရတဲ့ နည်းပြဟောင်း အန်ဂီ ပိုစတီကိုဂလူး နေရာအတွက် ဘရန့်ဖို့ဒ်အသင်းက နည်းပြ သောမတ်စ် ဖရန့်ခ်နဲ့ ကစားသမား အမ်ဘူမိုတို့ နှစ်ဦးလုံးကို တစ်ပါတည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် စပါးရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဂျိုဟန် လန်းဂ်ဟာ ဒိန်းမတ်ကလပ် လင်းဘီမှာ သောမတ်စ် ဖရန့်ခ်နဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးတာကြောင့် ဒီဆွေးနွေးညှိနှိုင်းမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ သတင်းတွေက ထပ်လောင်းဖော်ပြထားပါတယ်။

Photo Credit : Goal

ကင်မရွန်းလက်ရွေးစင် အမ်ဘူမိုဟာ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ဂိုး(၂၀)အထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ အဆိုပါကစားသမားဟာ လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလာ၊ မန်စီးတီးရဲ့ အာလင်း ဟာလန်းနဲ့ နယူးကာဆယ်ရဲ့ အလက်ဇန်းဒါး အီဆက်ခ်တို့ရဲ့နောက်မှာ ဂိုးသွင်းအများဆုံးစာရင်းရဲ့ စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို အနိုင်ယူခဲ့တဲ့ စပါးအသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အမ်ဘူမိုနဲ့ နည်းပြ ဖရန့်ခ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ သူတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကို နောက်တစ်ကြိမ် ကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။