ပေါ်တူဂီ ဘောလုံးကြယ်ပွင့် စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက အင်တာဗျူးတစ်ခုမှာ စပိန် ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမားလေး လာမင်း ယာမလ်လ်အကြောင်း ပြောဆိုခဲ့ပြီး ဒီလူငယ်ကြယ်ပွင့်လေးရဲ့ ဘောလုံးပါရမီကိုလည်း ချီးကျူးခဲ့ပါတယ်။

ရော်နယ်ဒိုလ်က “လာမင်း ယာမယ်လ် တော်တော်လေး ကောင်းကောင်းလုပ်နေတယ်။ သူ့ရဲ့ ပါရမီကို အကျိုးရှိအောင် အသုံးချနေတယ်။ ကလေးကို ကြီးထွားခွင့်ပေးကြပါ။ သူ့ကို ဖိအားတွေ အများကြီး မပေးကြပါနဲ့။ သူ့ကို သူ့ဘာသာ နေခွင့်ပြုပြီး ကောင်းကောင်း ကြီးထွားခွင့်ပေးပါ။ ဖိအားတွေကို လျှော့ချပေးပါ။ သူ့မှာ ပါရမီက အားနည်းတာ မရှိဘူး။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Sportskeeda

ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းနဲ့ ယာမလ်လ်ရဲ့ စပိန်အသင်းတို့ဟာ UEFA Nations League ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံကြရတော့မှာဖြစ်ပြီး နှစ်သင်းလုံးကလည်း Nations League ဖလားကို တစ်ကြိမ်စီ ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်လို့ ဒီပွဲမှာ အနိုင်ရမယ့်အသင်းက ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဒီဖိုင်နယ်ပွဲမှာ စပိန်အသင်းက အနိုင်ရ ဗိုလ်စွဲခဲ့မယ်ဆိုရင်လည်း စပိန်တောင်ပံကစားသမားလေး ယာမယ်လ်ကလည်း ၂၀၂၅ ဘာလွန်းဒေါဆုအတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုက ဘာလွန်းဒေါဆုအတွက် ယာမယ်လ်နဲ့ ပြင်သစ် တောင်ပံကစားသမား ဒမ်ဘီလီတို့က အကြိတ်အနယ် ဖြစ်နေကြပါတယ်။

Photo Credit : ESPN

ယာမယ်လ်အကြောင်း ဖွင့်ဟလာတဲ့ ရော်နယ်လ်ဒိုဟာ နောင်တစ်ချိန်မှာ အနားယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်စိတ်ဓာတ်က နေ့စဉ်နဲ့အမျှ နေထိုင်သွားဖို့ပါပဲ။ ကစားဖို့အတွက် နှစ်တွေ အများကြီး မကျန်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော် လက်ရှိအချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။”

“ကျွန်တော် အနားယူမယ့်နေ့ကို သတ်မှတ်ထားတာ မရှိပါဘူး။ ကျွန်တော် ပျော်ရွှင်နေသလို ဒီနေရာမှာ ပျော်ရွှင်ဖို့ ပြီးတော့ ကျွန်တော် နှစ်သက်တဲ့နေ့အထိ ဆက်ကစားသွားဖို့ပဲ ရှိပါတယ်။ ကလပ် ကမ္ဘာ့ဖလားမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားသလောက်ပါပဲ။ ဖိတ်ခေါ်မှုတွေနဲ့ ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ပေမယ့်ပေါ့ စကားပြောဆိုမှုတွေ ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရေတို ရေရှည်နဲ့ ရေရှည်အမြင်တွေကို ထည့်သွင်းစဉ်းစားရပါမယ်” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။