မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ ချယ်လ်ဆီးမှာ တစ်ရာသီ အငှားနဲ့ ကစားပြီးနောက် ယူနိုက်တက်ဆီ တရားဝင် ပြန်ရောက်လာခဲ့ပေမယ့် အချိန်ကြာကြာ ရှိနေမှာတော့ မဟုတ်ပါဘူး။ သူ့ကိုလည်း နာပိုလီနဲ့ အေစီမီလန်တို့အပြင် အခုဆိုရင် ပရီးမီးယားလိဂ်က အက်စတွန် ဗီလာတို့ပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ချယ်လ်ဆီးဘက်ကတော့ ဆန်ချိုရဲ့ တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀၀၀)ကို လျှော့ချဖို့ သဘောတူမယ်ဆိုရင် အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားဖို့ အသင့်ရှိခဲ့ပေမယ့် ဆန်ချိုက ငြင်းပယ်ခဲ့တာကြောင့် သူတို့ရဲ့ ပေါင်(၂၅)သန်းနဲ့ ဝယ်ယူရမယ့် စာချုပ်ကို ဖျက်သိမ်းဖို့အတွက် ပေါင်(၅)သန်း ဒဏ်ကြေးပေးကာ ယူနိုက်တက်ဆီ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

Photo Credit : ESPN

ယူနိုက်တက်ကတော့ အသင်းကို အကြီးအကျယ် ပြန်လည် တည်ဆောက်ဖို့အတွက် ကစားသမားတွေ ရောင်းထုတ်ဖို့ လိုအပ်တာကြောင့် ဆန်ချိုကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ အသည်းအသန် ဖြစ်နေပါတယ်။ ယူနိုက်တက်က လက်ရှိမှာ ကူညာကို ခေါ်ယူထားပြီး ဖြစ်သလို ဘရန့်ဖို့ဒ်က အမ်ဘူမိုကလည်း မကြာခင် ရောက်လာတော့ ဖြစ်ပေမယ့်အသင်းကို ဆက်လက် ဖြည့်တင်းဖို့ လိုအပ်နေပါသေးတယ်။

အသက်(၂၅)နှစ်အရွယ် ဆန်ချိုဟာ အသင်းပြောင်းဖို့ အလားအလာ အများကြီးရှိနေပြီး သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေ မနည်းဘူးလို့ သိရပါတယ်။ နာပိုလီ အေစီမီလန်နဲ့ ဗီလာတို့ဟာ ဒီနွေရာသီမှာ သူ့ကို ခေါ်ယူဖို့ စဉ်းစားနေကြပါတယ်။ နာပိုလီကတော့ ဇန်နဝါရီလက ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တဲ့ ခွာရတ်စကယ်လီယာ နေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်း ဘယ်တောင်ပံကစားသမားကို အထူးတလည် ရှာဖွေနေပါတယ်။

Photo Credit : BBC

TEAMtalk ရဲ့ ဖော်ပြချက်အရ နာပိုလီဟာ နော်တင်ဟမ် ဖောရက်စ်က အိုဒွိုင်း၊ ယူနိုက်တက်က ဂါနာချိုနဲ့ ရီးယဲလ် ဘက်တစ်က ဂျီးဆပ် ရိုဒရီဂွက်ဇ်တို့ကိုလည်း အလားအလာရှိတဲ့ ကစားသမားတွေအဖြစ် စဉ်းစားနေတယ်လို့ သိရပါတယ်။ စီးရီးအေဖလား ရရှိပြီးနောက် နည်းပြ အန်တိုနီယို ကွန်တီဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အကြီးအကျယ် လှုပ်ရှားဖို့ မျက်စိကျနေတာကြောင့် ဆန်ချိုကို နာပိုလီရဲ့ ရွေးချယ်စရာ စာရင်းထဲ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေလည်း ရှိနေပါတယ်။

အေစီမီလန်ကလည်း ဒီနွေမှာ ရာဖေးလ် လီယာအိုကို လက်လွတ်ရမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဆန်ချိုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ ဗီလာဟာလည်း ယူနိုက်တက်ကနေ ထွက်ခွာရမယ့် ဆန်ချိုကို ပရီးမီးယားလိဂ်မှာ နောက်ထပ် အခွင့်အရေးတစ်ခု ပေးသွားဖို့လည်း အခြေအနေရှိနေပါပြန်ပါတယ်။ ဗီလာအနေနဲ့ ယူနိုက်တက်ကနေ အငှားနဲ့ ခေါ်ထားတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုတော့ အပြီးသတ် ခေါ်ယူနိုင်ဖွယ် မရှိဘဲ ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ဘာစီလိုနာဆီသာ ပြောင်းချင်နေပါတယ်။