ချယ်လ်ဆီးအသင်းဟာ လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ရရှိထားပြီးဖြစ်လို့ အသင်းနည်းပြ အန်ဇို မာရက်စကာရဲ့ လူစာရင်းကို အသစ် ပြန်လည်ပြင်ဆင်ဖို့အတွက် ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်များဖွယ် ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ရွှေလက်မှတ်ကို ရရှိခဲ့ပြီးနောက် အသင်းရဲ့ အဓိကကစားသမား (၁၄)ဦးအထိကို နွေရာသီမှာ အစုလိုက်အပြုံလိုက် ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။ နည်းပြ အန်ဇို မာရက်စကာနဲ့ အသင်းတာဝန်ရှိသူတွေက ဒီကစားသမားတွေကို လက်လွှတ်ဖို့ အသင့်ဖြစ်နေပါပြီ။
Photo Credit : The Sun
ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၄)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီးနောက် ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်။ မာရက်စကာဟာလည်း သူ့ရဲ့ ပထမဆုံးရာသီမှာ အသင်းကို ယူရိုပါ ကွန်းဖရန့်စ်လိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး ပုံစံကောင်းတွေနဲ့ အဆုံးသတ်နိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့ပံ့ပိုးမှုကို ရရှိဖို့ ရှိနေပါတယ်။
ဒါပေမယ့် လန်ဒန်ကလပ်ဟာ အီတလီလူမျိုးနည်းပြရဲ့ ကစားသမားအင်အားကို အားဖြည့်ဖို့ ကစားသမားသစ်တွေ ရှာဖွေနေသလို လက်ရှိ ကစားသမားတချို့ကိုလည်း လာမယ့်လတွေမှာ ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။ The Guardian သတင်းစာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး ရောင်းထုတ်လိုတဲ့ ကစားသမားတွေထဲမှာ နိုနီ မာဒူအက်ကီနဲ့ ဂျာအို ဖီးလစ်တို့လည်း ပါဝင်ပါတယ်။ ဖီးလစ်ဟာ ၂၀၂၃ ခုနှစ်က အငှားနဲ့ ခြေစွမ်းပြခဲ့ပြီးနောက် ပေါင်(၄၅)သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပေမယ့် ၂၀၂၄-၂၅ ရာသီ ဒုတိယနှစ်ဝက်မှာတော့ အေစီမီလန်ကို အငှားထွက်ကစားခဲ့ရပြီး အခုအခါမှာတော့ အပြီးသတ် ထွက်ခွာခွင့် ပေးခံရဖွယ် ရှိနေပါတယ်။
Photo Credit : The New York Times
မာဒူအက်ကီကတော့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသပြီး ပြိုင်ပွဲစုံ (၁၁)ဂိုးအထိ သွင်းယူကာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်တွေပါ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သတင်းတွေအရ PSV အသင်းသားဟောင်းရဲ့ တိုးတက်မှုတွေဟာ ရပ်တန့်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ အခြားနာမည်ကြီး ကစားသမားတော်တော်များများလည်း ရောင်းချခံရမယ့် အနေအထားမှာ ရှိနေပြီး အဲ့ဒီထဲမှာ အသင်းရဲ့ ဂိုးသမားကြီးနှစ်ဦးဖြစ်တဲ့ ရောဘတ် ဆန်းချက်ဇ်နဲ့ ဂျော်ဂျီ ပီထရိုဗစ်တို့လည်း ပါဝင်နေပါတယ်။
ရီနာတို ဗေးဂါ၊ ဘန် ချီဝဲလ်၊ အက်ဆဲလ် ဒီဆာစီ၊ ဝက်စ်လီ ဖိုဖာနာတို့ကိုလည်း သင့်တော်တဲ့ တန်ကြေးရရင် ရောင်းချသွားမှာဖြစ်ပြီး လွန်ခဲ့တဲ့ (၁၂)လကတည်းက ရောင်းထုတ်ဖို့ ကြိုးစားခဲ့တဲ့ ထရီဗို ချာလိုဘာရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေပြန်ပါပြီ။ ကွင်းလယ်ပိုင်းမှာတော့ ကီရန် ဒူးစ်ဘူရီဟောလ်၊ ကာနေး ချူကယ်မွယ်ကာနဲ့ လက်စ်လီ အူဂိုချူကူတို့အားလုံး ရောင်းချခံရနိုင်ပါတယ်။ ဒူးစ်ဘူရီ-ဟောလ်ဟာ မာရက်စကာနဲ့အတူ လက်စတာကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ အာဆင်နယ်မှာ အငှားသွားကစားရင်း ရာသီတစ်ခုလုံး စိတ်ပျက်စရာဖြစ်ခဲ့တဲ့ ရာဟင် စတာလင်တို့ကလည်း အသင်းအတွက် အပိုလူဖြစ်နေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ရောင်းချသွားမှာပါ။