အက်စတွန် ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိ ရုန်းကန်နေရမှုတွေကြားကပဲ သူတို့အသင်းမှာ ကြီးမြတ်မှု ရောင်ဝါတွေ ရှိနေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် ဗီလာအသင်းဟာ မန်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အနိုင်ရဖို့ လိုအပ်နေပါတယ်။ ဗီလာက ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို အပိုင်သိမ်းဖို့ ကြိုးစားနေပြီး ယူနိုက်တက်ကတော့ ယူရိုပါလိဂ်ဖိုင်နယ်မှာ စပါးကို ရှုံးနိမ့်ပြီးနောက် (၄)ရက်အကြာ အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
Photo Credit : United in Focus
အမ်မရီရဲ့ ဗီလာအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ် ချယ်လ်ဆီးတို့နဲ့ ရမှတ်တူနေပြီး နော်တင်ဟမ် ဖောရက်စ်ထက် တစ်မှတ်အသာရနေကာ ထိပ်ဆုံး(၅)သင်းနေရာအတွက် ပြိုင်ဆိုင်မှုက နောက်ဆုံးမိနစ်အထိ ပြင်းထန်နေဦးမှာပါ။
ယူနိုက်တက်ရဲ့ အခြေအနေဆိုးရွားနေပေမယ့် အမ်မရီက “သူတို့ဆီက အကောင်းဆုံးကိုပဲ အမြဲမျှော်လင့်ထားတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြီးမြတ်မှုက ရှိနေတုန်းပဲ။ သူတို့မှာ ရှိနေတဲ့ နည်းပြကလည်း နည်းပြကောင်းတစ်ဦးပါပဲ။ သူ(အမော်ရင်)က စပို့တင်း လစ္စဘွန်းမှာ အံ့မခန်း စွမ်းဆောင်ပြခဲ့တယ်။ (၁)နှစ်(၂)နှစ်(၃)နှစ်မဟုတ်ဘဲ တစ်သမတ်တည်း ကောင်းမွန်ခဲ့တာပါ။ သူ ဒီကိုရောက်လာချိန်က ခက်ခဲတဲ့အချိန်အခါ ဖြစ်ခဲ့ပါတယ်။”
Photo Credit : Manchester United
“ယူရိုပါလိဂ်ဖိုင်နယ်မှာ သူတို့ထဲက တစ်သင်းပဲ ရည်မှန်းချက်ကို အောင်မြင်နိုင်မှာဖြစ်ပြီး သူတို့ (ယူနိုက်တက်)က ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြီးမြတ်မှုက ရှိနေဆဲပါ။ နည်းပြက နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး ကစားသမားတွေကလည်း အရမ်းကောင်းတဲ့ ကစားသမားတွေပါ။ ကျွန်တော်တို့ အိုးထရက်ဖို့ဒ်မှာ (၃)နှစ်ကစားခဲ့ပြီး သူတို့ကို တစ်ခါမှ မနိုင်ဖူးသေးဘူး။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေနဲ့ နည်းပြအပေါ် ကျွန်တော့်ရဲ့ လေးစားမှုက အလွန်ကြီးမားပါတယ်။” လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။
ဗီလာအသင်း အနိုင်ရပြီး နယူးကာဆယ် (အိမ်ကွင်းမှာ အဲဗာတန်နဲ့ပွဲ) နဲ့ ချယ်လ်ဆီး (ဖောရက်စ်ကွင်းမှာကစားရမယ့်ပွဲ) တို့က အမှတ်လျော့ခဲ့မယ်ဆိုရင် အမ်မရီရဲ့ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒုတိယရာသီဆက်တိုက် ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။