လေဗာကူဆင်အသင်းရဲ့ ဂျာမနီကြယ်ပွင့် ဖလိုရီယန် ဝါ့ဇ်ဟာ ဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် လီဗာပူးလ်ရဲ့ စိတ်ဝင်စားမှုတွေကြောင့် ဂျာမန်လက်ရွေးစင် ကစားသမားရဲ့ ဦးတည်မှုတွေဟာ အန်ဖီးလ်ဘက်ကို ပြောင်းလဲလာခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမား ဖလိုရီယန် ဝါ့ဇ်ဟာ ဒီနွေရာသီမှာ သူတို့အသင်းကို ရောက်လာတော့မှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဆီကိုသာ အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့ဖို့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ယုံကြည်နေကြပါတယ်။ ဝါ့ဇ်ဟာ ဒီနွေရာသီမှာ လေဗာကူဆင်ကနေ ထွက်ခွာမယ်ဆိုရင် ဘိုင်ယန်ကို ပြောင်းရွှေ့လိမ့်မယ်လို့ အချိန်ကြာမြင့်စွာ ခန့်မှန်းခဲ့ကြပေမယ့် လီဗာပူးလ်ရဲ့ စိတ်ဝင်စားမှုက သူ့ရဲ့စိတ်ကို ပြောင်းလဲစေခဲ့ပါတယ်။
Photo Credit : TEAMtalk
The Athletic ရဲ့ ဖော်ပြချက်အရ ဝါ့ဇ်ဟာ အခုဆိုရင် အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ ပိုနှစ်သက်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းလူငယ် ကွင်းလယ်တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဝါ့ဇ်အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပါဝင်နေတာကြောင့် အပြောင်းအရွှေ့က အလွယ်တကူ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။
ဒီလအစောပိုင်းတုန်းက အသက်(၂၂)နှစ်အရွယ် ဝါ့ဇ်ဟာ Sports Illustrated နဲ့ တွေ့ဆုံရာမှာ မကြာခင်ကာလအတွင်း အသစ်အဆန်းတွေကို ခံစားဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။ ဒီလို အသင်းကနေ ထွက်ခွာချင်နေတဲ့ ဝါ့ဇ်ကို လေဗာကူဆင်ဘက်က အနိမ့်ဆုံး ပေါင်သန်း(၁၀၀)လောက် သတ်မှတ်လာနိုင်မှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ ဝါ့ဇ်အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအထိ သုံးလာရနိုင်ပါတယ်။
Photo Credit : TEAMtalk
ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဖလိုရီယန် ဝါ့ဇ်ဟာ အင်္ဂလန် အနောက်မြောက်ပိုင်းကို အိမ်တွေကြည့်ဖို့ သွားရောက်ခဲ့တယ်လို့လည်း ဖော်ပြထားခဲ့တာကြောင့် သူသာ လီဗာပူးလ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် လေဗာကူဆင်က သူ့အသင်းဖော် ဂျယ်ရမီ ဖရင်ပေါင်နဲ့လည်း အသင်းဖော်အဖြစ် ထပ်မံပေါင်းစည်းနိုင်မှာ ဖြစ်ပါတယ်။ ဖရင်ပေါင်ကလည်း လာမယ့် ရက်အနည်းငယ်အတွင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဖလိုရီယန် ဝါ့ဇ်ဟာ ဒီရာသီ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၆)ဂိုး သွင်းယူပေးခဲ့ပြီး (၁၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ဇာဘီ အလွန်ဆိုရဲ့အသင်း ဘွန်ဒက်စ်လီဂါဖလားကို ရှုံးပွဲမရှိ စံချိန်နဲ့ ရရှိခဲ့ချိန်မှာတော့ ဝါ့ဇ်က ပွဲပေါင်း (၄၉)ပွဲကနေ (၁၈)ဂိုး သွင်းယူပြီး ဂိုး(၂၀) ဖန်တီးပေးခဲ့ပါတယ်။