မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်မီ အသင်းက ကစားသမားအားလုံးနီးပါးကို ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ယူနိုက်တက်အသင်းရဲ့ပူးတွဲအသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS အုပ်စုဟာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ပြန်လည် တည်ငြိမ်စေဖို့အတွက် ကုန်ကျစရိတ်တွေ အကြီးအကျယ် လျော့ချဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီစီမံချက်ရဲ့ ရိုက်ခတ်မှုက အခု ပထမအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီမှာ ပြည်တွင်းပြိုင်ဘက် စပါးနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ပြီး ရာသီကို တစ်ခုခု ကယ်တင်နိုင်ဖို့ မျှော်လင့်ခဲ့ပြီး ဗိုလ်စွဲခဲ့မယ်ဆိုရင် အဓိကဖလားတစ်လုံးနဲ့ ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ယူနိုက်တက်ဟာ ဖလားလက်မဲ့ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဥရောပပြိုင်ပွဲတွေမှာ မအောင်မြင်ခဲ့တဲ့အတွက် ပေါင်သန်း(၁၀၀) အပိုဝင်ငွေ ဆုံးရှုံးခဲ့ရပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှာ ကစားသမားတွေ အများအပြား ထုတ်ရောင်းမယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်ရှိ စွမ်းဆောင်ရည်မကောင်းတဲ့ ကစားသမားအစုအဖွဲ့ကို အသစ်တဖန် ပြန်လည် တည်ဆောက်ဖို့အတွက် ရန်ပုံငွေတွေ လိုအပ်နေပြီး နည်းပြ ရူဘင် အမော်ရင်ဟာ သူ့ရဲ့ ဘတ်ဂျက်အများစုကို ကစားသမားသစ်ခေါ်ယူဖို့အတွက် ဖန်တီးယူရမှာ ဖြစ်ပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ကစားသမားတိုင်းကို အပြောင်းအရွှေ့စာရင်းတင်ထားတယ်လို့ သိရပါတယ်။

Photo Credit : Football365

ဒီအခြေအနေမှာတော့ ယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ်၊ ကိုဘီ မိန်းနူး၊ ဟယ်ရီ မက်ဂွိုင်းယား၊ အယ်လက်ဟန်ဒရို ဂါနာချိုနဲ့ အန်ဒရေ အိုနာနာတို့လို ကစားသမားတွေကို ရောင်းထုတ်နိုင်ဖွယ်ရှိပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဂျေဒန် ဆန်ချိုတို့လို အငှားချထားတဲ့ ကစားသမားတွေကိုလည်း အပြီးသတ် ရောင်းချဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ရှယ်ယာတန်ဖိုးဟာ ဒီရာသီမှာ (၆၀)ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS အုပ်စုဟာဟာလည်း ဘဏ္ဍာရေးကို ထိန်းညှိနိုင်ဖို့အတွက် အငြင်းပွားဖွယ် ကုန်ကျစရိတ်လျှော့ချမှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး အနာဂတ်မှာလည်း ဒီလို လုပ်ဆောင်မှုတွေ ပိုများလာနိုင်ခြေရှိတယ်လို့ သိရပါတယ်။