လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေရတဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ နည်းပြလစ်လပ်နေတဲ့ သူ့အသင်းဟောင်း အေဂျက်စ်အသင်းကို ပြန်လည် ကိုင်တွယ်ဖို့ထက် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်ရာထူးကိုသာ ရယူသွားဖို့က ပိုမို နီးစပ်နေပြီပဲ ဖြစ်ပါတယ်။
နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၂၀၂၂ခုနှစ်ကနေ စတင် ကိုင်တွယ်ခဲ့ပြီး (၂)ရာသီအတွင်း ဆုဖလားတစ်လုံးစီ ရယူပေးနိုင်ခဲ့ပေမယ့် သူရဲ့ တတိယမြောက်ရာသီမှာတော့ ရာသီဝက်ထိ မရောက်ခင်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီး အခုထိ အသင်းလက်မဲ့ ဖြစစ်နေရပါတယ်။
Photo Credit : Sky Sports
ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း တန်ဟက်ဂ်ဟာ အသင်းတချို့နဲ့ သတင်းအချို့တွေ ထွက်ပေါ်ခဲ့ရပေမယ့် တန်ဟက်ဂ်ကတော့ သူ့အနေနဲ့ အသင်းတစ်သင်းကို ရာသီဝက်လောက်နဲ့ ကိုင်တွယ်ရတာမျိုး မလုပ်ဆောင်ချင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘောလုံးရာသီလည်း ကုန်ဆုံးတော့မှာ ဖြစ်တာမို့ တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေတွေဟာလည်း တဖန် လှုပ်ခတ်လာပြန်ပါတယ်။
အခုလက်ရှိမှာ တန်ဟက်ဂ်က ဇာဘီ အလွန်ဆိုကို ရီးယဲလ် မက်ဒရစ်အသင်းဆီ လက်လွတ်သွားရတော့မယ့် လေဗာကူဆင်အသင်းနဲ့ သတင်းတွေ ထွက်နေသလို ရာသီအကုန်မှာ နည်းပြဖြစ်သူ ရုတ်တရက် နုတ်ထွက်လိုက်တဲ့ အေဂျက်စ်ကလည်း လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် သူတို့နည်းပြဟောင်း တန်ဟက်ဂ်ကို ပြန်လည် ပစ်မှတ်ထားလာပါတယ်။
Photo Credit : The Times
ဘောလုံးသုံးသပ်သူတွေကတော့ တန်ဟက်ဂ်ဟာ လေဗာကူဆင်ထက် သူ့အသင်းဟောင်းဆီ ပြန်သွားဖို့ အခြေအနေများတယ်လို့ သုံးသပ်ခဲ့ကြပေမယ့် တကယ်တော့ တန်ဟက်ဂ်က လေဗာကူဆင်ကို နည်းပြသစ် ရာထူးကိုသာ လက်ခံ ရယူသွားဖို့ ပိုမို နီးစပ်လို့နေပြီး ဆွေးနွေးမှုတွေလည်း တိုးတက်ကောင်းမွန်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။
လေဗာကူဆင်အသင်းဟာ အလွန်ဆိုနေရာမှာ အစားထိုးဖို့အတွက် ကိုမိုအသင်းရဲ့ နည်းပြ ဖာဘရီဂတ်စ်ကို ဦးစားပေး အလိုရှိခဲ့ပေမယ့် ဖာဘရီဂတ်စ်က ကိုမိုမှာသာ ဆက်လက် ရှိနေမှာဖြစ်လို့ ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ်ကိုသာ ပြောင်းလဲ ချိန်ရွယ်ခဲ့တာဖြစ်ပြီး (၂)နှစ်သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆို ခန့်အပ်ဖွယ်လည်း ရှိနေပါတယ်။