ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ဦးဆောင်နေတဲ့ ရီးရဲလ် ဆိုစီဒက် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီကို နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားဖြတ်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စပိန်လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ဦးဆောင်နေပြီး လာမယ့် အပြောင်းအရွှေ့ကာလမတိုင်ခင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့လည်း ယုံကြည်မှု ရှိနေပါတယ်။ အာဆင်နယ်ဟာ ဇူဘီမန်ဒီရဲ့ စာချုပ်ပါ လျော်ကြေးဖြစ်တဲ့ ယူရိုသန်း(၆၀)ကို ပေးချေသွားဖို့ အပြည့်အဝ အသင့်ရှိနေပြီး ကစားသမားနဲ့လည်း ကိုယ်ရေးကိုယ်တာ သဘောတူညီမှုတွေကို နှုတ်အားဖြင့် ရရှိထားပြီးပြီလို့ သတင်းတွေက ဖော်ပြပါတယ်။
Photo Credit : Goal
ဒါပေမဲ့ AS သတင်းစာရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ် မက်ဒရစ်ဟာ ဒီခေါ်ယူမှု ပြိုင်ပွဲကနေ လုံးဝ လက်လျှော့ခြင်း မရှိသေးပါဘူး။ လာလီဂါ ထိပ်တန်းကလပ်ကြီးဟာ လာမယ့်ရာသီအတွက် ကွင်းလယ်အင်အားကို အားဖြည့်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး အာဆင်နယ်နဲ့ ဇူဘီမန်ဒီတို့ရဲ့ အပြောင်းအရွှေ့ကို ကြားဖြတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ အာဆင်နယ်နဲ့ ဆိုစီဒက်တို့ကြား တရားဝင် စာချုပ်ချုပ်ဆိုမှု မရှိသေးတဲ့အတွက် ရီးရဲလ်ရဲ့ စိတ်ဝင်စားမှုဟာ အာဆင်နယ်အတွက် လွယ်ကူတဲ့ အပြောင်းအရွှေ့ဖြစ်မယ်လို့ ယူဆထားတာကို မသေချာမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ရီးရဲလ်ဟာ သူတို့ရဲ့ ကစားသမားခေါ်ယူမှု မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကွင်းလယ်ကစားသမား ရွေးချယ်စရာတွေကို အများအပြား ချိန်ရွယ်ထားပါသေးတယ်။ ဇူဘီမန်ဒီအပြင် ထိပ်တန်းနာမည်ကြီး ကစားသမား (၄)ဦးနဲ့လည်း ရီးရဲလ်က သတင်းထွက်နေပါတယ်။ အဲဒါတွေကတော့ ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်၊ လီဗာပူးလ်က အလက်ဆစ် မက် အယ်လစ္စတာ၊ နယူးကာဆယ်က ဘရူနို ဂွီမာရေ့စ် နဲ့ အတ္တလန်တာက အီဒါဆင်တို့ ဖြစ်ပါတယ်။
Photo Credit : Football365
ဒီလို ပစ်မှတ်ထားတဲ့ ကစားသမားမျိုးစုံကို ကြည့်ခြင်းအားဖြင့် ရီးရဲလ်ဟာ လာမယ့်ရာသီအတွက် ကွင်းလယ်ကို လူအင်အားဖြည့်တင်းဖို့နဲ့ အရည်အသွေးမြင့် ကစားသမားတွေနဲ့ အားကောင်းလာအောင် လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ပြနေပါတယ်။ အထူးသဖြင့် လူကာ မိုဒရစ်ကလည်း ဘောလုံးသမားဘဝ နောက်ဆုံးကာလကို ရောက်ရှိလာပြီဖြစ်တာကြောင့် သွေးသစ်လောင်းဖို့ လိုအပ်နေပါတယ်။
ရီးရဲလ်မှာ ဇူဘီမန်ဒီကို ခေါ်ယူဖို့ တွန်းအားပေးနေတဲ့ အဓိက ပုဂ္ဂိုလ်ကတော့ ရီးရဲလ် ဆိုစီဒက် B အသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြဟောင်း ဇာဘီ အလွန်ဆိုဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အန်ဆယ်လော့တီနေရာကို ဆက်ခံဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ အလွန်ဆိုဟာ ဇူဘီမန်ဒီကို အရင်က ကိုင်တွယ်ဖူးပြီး သူ့ရဲ့ အရည်အသွေးတွေကို အလွန် နှစ်သက်သူလည်း ဖြစ်ပါတယ်။ ဇူဘီမန်ဒီဟာ ဒီရာသီမှာ ဆိုစီဒက်အတွက် ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမားအဖြစ် ထပ်မံ သက်သေပြခဲ့ပြီး ပြိုင်ပွဲစုံ (၄၆)ပွဲ ပါဝင်ကစားခဲ့ပြီး (၂)ဂိုးသွင်း (၂)ကြိမ် ဂိုးဖန်တီးပေးခဲ့သလို လာလီဂါရဲ့ ယုံကြည်စိတ်ချရဆုံး holding midfielder တွေထဲက တစ်ဦးအဖြစ်လည်း နာမည်ကောင်း ဆက်လက်ရရှိနေပါတယ်။