စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းဟာ Netflix မှတ်တမ်းရုပ်ရှင် ‘Baila, Vini’ က သူတို့ရဲ့ ပရိသတ်တွေကို လူမျိုးရေးခွဲခြားသူတွေအဖြစ် မမျှတစွာ ပုံဖော်ထားတယ်လို့ စွပ်စွဲပြီး Netflix ကို ဥပဒေအရ အရေးယူမှု ပြုလုပ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

‘ဗိုင်လာ၊ ဗီနီ’ ‘ဗီနီ၊ ကပါ’ လို့ အမည်ရတဲ့ ဒီ Netflix မှတ်တမ်းရုပ်ရှင်ဟာ ရီးယဲလ် မက်ဒရစ်ကြယ်ပွင့် ဗီနီစီယပ်စ် ဂျူနီယာနဲ့ သူ အမြင့်ဆုံးအဆင့် ပြိုင်ဆိုင်ဖို့ ဘယ်လိုပြင်ဆင်တယ် ဆိုတာကို ရိုက်ကူးထားတာပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ၂၀၂၃ ခုနှစ် မေလက ဗလင်စီယာရဲ့ မက်စ်တာလာကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တင်းမာတဲ့ လာလီဂါပွဲစဉ်အတွင်း ဗီနီစီယပ်စ်ကို လူမျိုးရေးခွဲခြားတဲ့ ဆဲဆိုမှုတွေ အထူးသဖြင့် ‘မိုနို၊ မိုနို!’ (မျောက်၊ မျောက်!) လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးတွေနဲ့ ပစ်မှတ်ထားခံခဲ့ရတယ်လို့ မှတ်တမ်းရုပ်ရှင်ထဲက ဗီဒီယိုဖိုင်နဲ့ စာတန်းထိုးတွေက ဖော်ပြထားပါတယ်။

Photo Credit : talkSPORT

ဒါပေမယ့် ဗလင်စီယာကလပ်ကတော့ Mundo Deportivo သတင်းစာကို ပြောကြားရာမှာ တကယ်တမ်း ကြွေးကြော်သံက ‘တွန်တို၊ တွန်တို!’ (အရူး၊ အရူး) လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးတွေသာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ မှတ်တမ်းရုပ်ရှင်က ၂၀၂၃ ခုနှစ် မေလကပွဲအတွင်း ပရိသတ်တွေကြား ကျယ်ပြန့်တဲ့ လူမျိုးရေးခွဲခြားမှု အပြုအမူတွေ ရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်စေတာဟာ လွဲမှားစေတယ်လို့ ကလပ်က စွပ်စွဲထားပါတယ်။

လူသုံးဦးကို လူမျိုးရေးခွဲခြားမှုနဲ့ ပြစ်မှုထင်ရှား စီရင်ခဲ့တာကို ဗလင်စီယာကလပ်က အသိအမှတ်ပြုပြီး ရှုတ်ချခဲ့ပေမယ့် မှတ်တမ်းရုပ်ရှင်က လူအနည်းငယ်ရဲ့ လုပ်ရပ်ကို ပရိသတ်အားလုံးနဲ့ သက်ဆိုင်အောင် မမျှတစွာ ယေဘုယျဆန်အောင် ပုံဖော်ထားတယ်လို့ ကလပ်က ငြင်းဆိုပါတယ်။ ဒီလိုဖော်ပြမှုက အခြေအနေကို မှားယွင်းစွာ တင်ပြထားပြီး ကလပ်အသင်းရဲ့ ကမ္ဘာတစ်ဝန်းက ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့လည်း ဗလင်စီယာက ပြောပါတယ်။

Photo Credit : Marca

ဒါကြောင့် ဗလင်စီယာအသင်းဟာ ဖြစ်နိုင်ခြေရှိတဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ဒါမှမဟုတ် မှားယွင်းဖော်ပြမှုတွေအတွက် သူတို့ရဲ့ ဥပဒေအဖွဲ့ကို မှတ်တမ်းရုပ်ရှင်ကို ထပ်မံစစ်ဆေးခိုင်းထားပြီး အဆိုပါ streaming ကုမ္ပဏီကြီး Netflixနဲ့ ဥပဒေအရ ရင်ဆိုင်မှု ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဗီနီစီယပ်စ် ကိုယ်တိုင်ကလည်း သူ့ရဲ့ Instagram မှာ မှတ်တမ်းရုပ်ရှင်အကြောင်း “အသက် ၂၄ နှစ်အရွယ် ကောင်လေးတစ်ယောက် မှတ်တမ်းရုပ်ရှင်ရှိတယ်ဆိုတာ ထူးဆန်းတယ်နော်။ ကျွန်တော့်ရဲ့ ကစားသမားဘဝက မပြီးဆုံးသေးပါဘူး. အခုအချိန်မှာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိက အဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော် ပြောစရာရှိနေပြီ။ ပြောပြစရာ ဇာတ်လမ်းရှိနေပြီဆိုတာ မြင်လာတယ်။”

“ဒါက စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ပြုံးခြင်းက ကျွန်တော့်ရဲ့ ပုံစံပါပဲ။ ဒီနေ့တော့ ကလေးဘဝအခက်အခဲတွေကို ပြုံးရယ်ပြီး ပြန်ပြောပြတယ်။ ဒါပေမယ့် လူမျိုးရေးခွဲခြားမှု ကိစ္စကတော့ ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ ဘောလုံးမရှိရင် ကျွန်တော့်ဘဝ ဘယ်လိုဖြစ်မလဲလို့ တွေးလိုက်ရုံနဲ့ မျက်ရည်တွေ ဝဲလာတယ်။” လို့ ဗီနီစီယပ်စ်က ရေးသားခဲ့ပြီး အားလုံးကို တွေ့ကြုံခံစားခွင့်ပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။