မန်ချက်စတာ ယူနိုက်တက်နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ထိပ်တန်း လျာထားသူများစာရင်းထဲ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် နယ်သာလန်သားနည်းပြဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ကိုလည်း စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။
လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့ လက်ရှိနည်းပြ ဇာဘီ အလွန်ဆိုရဲ့ နေရာကို အစားထိုးဖို့ နည်းပြအသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း နည်းပြအလုပ် မလုပ်သေးတဲ့ တန်ဟက်ဂ်ဟာ လေဗာကူဆင်ရဲ့ လျာထားခံရသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။
Photo Credit : Goal
လက်ရှိမှာတော့ လေဗာကူဆင်ဟာ သူတို့ အလိုရှိတဲ့ နည်းပြကို ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာကိုတော့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ လေဗာကူဆင်ဘက်က စိတ်ဝင်စားနေခဲ့တဲ့ ကိုမိုအသင်းနည်းပြ ဆက်စ် ဖာဘရီဂတ်စ်ကတော့ လာမယ့် ၂၀၂၅-၂၆ ရာသီအထိ စီးရီးအေကလပ်မှာပဲ ဆက်ရှိနေဖို့ များတယ်လို့ သတင်းတွေက ဆိုပါတယ်။
အေဂျက်စ် နည်းပြချုပ်ဟောင်းဖြစ်တဲ့ တန်ဟက်ဂ်ဟာ ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အတွင်း ပက်ပ် ဂွာဒီယိုလာ ဘိုင်ယန်မြူးနစ် ပထမအသင်းကို ကိုင်တွယ်နေစဉ်က ဘိုင်ယန်မြူးနစ် II (လူငယ်/အရံအသင်း) ရဲ့ နည်းပြအဖြစ် ဂျာမနီမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အသက်(၅၅)နှစ်အရွယ် တန်ဟက်အနေနဲ့ ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ဖို့ ဒါမှမဟုတ် အင်္ဂလန်ကို ပြန်လာဖို့ကို ပိုမိုနှစ်သက်တယ်လို့ သိရပါတယ်။
Photo Credit : Daily Sabah
၂၀၂၃-၂၄ ရာသီမှာ လေဗာကူဆင်ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ဘွန်ဒက်စ်လီဂါဖလားကို ရှုံးပွဲမရှိ စံချိန်နဲ့ ရယူပေးနိုင်ခဲ့တဲ့ အလွန်ဆိုက လာမယ့် ဘောလုံးရာသီမှာ သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ရီးယဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့ ကိုင်တွယ်သွားတော့မှာဖြစ်လို့ အလွန်ဆိုနေရာမှာ အစားထိုးနိုင်မယ့် နည်းပြတစ်ဦးကို အလိုရှိနေပါတယ်။
လေဗာကူဆင်ဘက်က အလွန်ဆိုနေရာအတွက် တန်ဟက်ဂ်အပြင် အလွန်ဆိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်းလည်းဖြစ် ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဇာဗီ ဟာနန်ဒက်ဇ်ကိုလည်း ပစ်မှတ်ထား စောင့်ကြည့်လျက် ရှိနေပြီး ဇာဗီကတော့ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။