တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က အသင်းရဲ့ ဆုဖလားမိုးခေါင်နေမှုကို အဆုံးသတ်လိုတဲ့ သူ့ရဲ့ ပြင်းပြလွန်းတဲ့ စိတ်ဆန္ဒအကြောင်းကို ဖွင့်ဟ ပြောကြားလိုက်ပြီး နည်းပြ အန်ဂီ ပိုစတီကိုဂလူးရဲ့ စပါးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ဥရောပမြေက အဆုံးအဖြတ် ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အားခဲ ပြင်ဆင်နေပါတယ်။
ဆွန်ဟောင်မင်က သူ စပါးအသင်းမှာ နှစ်ရှည်လများ ဆက်ရှိနေရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အသင်းနဲ့အတူ တစ်ခြားသူတွေ မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို လုပ်ပြချင်လို့ ဖြစ်တယ်လို့ အသင်းရဲ့ အရေးပါလှတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်မီမှာ ပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ လာမယ့်သီတင်းပတ် မေလ ၂၁ ရက်နေ့မှာ စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့မှာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အဲ့ဒီအရေးကြီးပွဲစဉ် မတိုင်မီ တောင်ကိုရီးယား လက်ရွေးစင် ဆွန်ဟောင်မင်က သူဘာကြောင့် စပါးအသင်းမှာ ဒီလောက်ကြာအောင် ဆက်ရှိနေခဲ့တာလဲ ဆိုတာနဲ့ အသင်းရဲ့ (၁၇)နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်နေတဲ့ အခြေအနေကို အဆုံးသတ်ဖို့အတွက် သူ့မှာ ဘယ်လောက်တောင် ပြင်းပြတဲ့စိတ်ဆန္ဒ ရှိနေလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။
Photo Credit : Mirror Football
The Guardian သတင်းဌာနနဲ့ အင်တာဗျူးမှာ ဆွန်က “ကျွန်တော်တို့ ဒီအကြောင်းအရာကို နှစ်ပေါင်းများစွာ ပြောဆိုခဲ့ကြပြီးပါပြီ။ ကျွန်တော် တော့တင်ဟမ်မှာ ဆက်နေခဲ့တဲ့ အဓိကအကြောင်းရင်းက တစ်ခြားသူတွေ မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို ကျွန်တော် လုပ်ပြချင်လို့ပါပဲ။ ဒါကြောင့်လည်း ကျွန်တော် အခု ဒီနေရာမှာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ပဟေဠိတစ်ခုကို ပြီးမြောက်အောင်ဆက်ဖို့ အစိတ်အပိုင်းအားလုံး လိုအပ်ပါတယ်။ ကျွန်တော့်အထင်တော့ အဲ့ဒီပဟေဠိကို ပြည့်စုံဖို့ လိုအပ်တဲ့ တခြား အစိတ်အပိုင်းတွေ အားလုံးကို ကျွန်တော် စုဆောင်းပြီးသွားပါပြီ။ အရေးအကြီးဆုံးဖြစ်တဲ့ နောက်ဆုံးအပိုင်းအစတစ်ခုပဲ လိုနေခဲ့တာပါ ပြီးခဲ့တဲ့ (၁၀)နှစ်လုံးလုံး အဲ့ဒီအပိုင်းအစကို ကျွန်တော် ကြိုးစားရှာဖွေနေခဲ့တာပါ။”
“ဒီတစ်ကြိမ်မှာတော့ အဲ့ဒီပဟေဠိကို ကျွန်တော် အပြီးသတ်နိုင်လိမ့်မယ်လို့ တကယ်ပဲ မျှော်လင့်မိပါတယ်။ ပွဲစဉ်တိုင်းက အထူးခြားပြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ယူနိုက်တက်နဲ့ ကစားရမယ့် ဒီပွဲကတော့ နောက်တစ်ခါ ပြန်မရနိုင်တော့မယ့် အခွင့်အရေးတစ်ခုလို ခံစားနေရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ခံစားချက်က တကယ်ကို မတူပါဘူး။ ကျွန်တော် တကယ်ပဲ အနိုင်ရချင်ပါတယ်။ ဘယ်သူ့ထက်မဆို ပိုပြီးတော့ပေါ့။ ကျွန်တော့်လိုပဲ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့သာ ကောင်းကောင်း ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် အောင်မြင်မှုရနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
ဆွန်ဟောင်မင်ဟာ ဆယ်စုနှစ်တစ်ခုနီးပါး စပါးအသင်းအတွက် ပေးဆပ်ကစားခဲ့မှုတွေကြောင့် အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ စပါးအသင်းဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားတစ်လုံးကို ကိုင်မြှောက်နိုင်ဖို့နဲ့ ၁၉၈၄ ခုနှစ် UEFA ဖလားရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဥရောပဆုဖလားကို ရယူနိုင်ဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။ ဒါကြောင့် အသက်(၃၂)နှစ်အရွယ် ဆွန်ဟောင်မင်က မြောက်လန်ဒန်ကလပ်အသင်းရဲ့ ဆုဖလားမိုးခေါင်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ အလွန်ပဲ တန်ဖိုးရှိပြီး လိုက်ဖက်ညီတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ။
တော့တင်ဟမ်အသင်းဟာ မေလ ၂၁ ရက်နေ့မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် မန်ယူနိုက်တက်အသင်းနဲ့ မကစားမီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လာမယ့် သောကြာနေ့ မေလ ၁၆ ရက်မှာ အက်စတွန် ဗီလာအသင်းရဲ့ အိမ်ကွင်း ဗီလာပါ့ခ်ကို သွားရောက်ကစားရဖို့ ရှိနေပါတယ်။