လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက် ဆာလာဟာ သူ့ရဲ့ အသင်းဖော်ဟောင်း ဆာဒီယို မာနေးနဲ့ အခြေအနေတင်းမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ အမှန်တရားတချို့ ပါဝင်ကြောင်း ဝန်ခံခဲ့ပေမဲ့ သူတို့နှစ်ဦးဟာ အမြဲတမ်း တစ်ဦးကိုတစ်ဦး လေးစားခဲ့ကြကြောင်းကိုလည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ပြင်သစ်အားကစားသတင်းစာ L’Equipe နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆာလာက ယာဂန် ကလော့ပ်လက်အောက်မှာ ရှိနေစဉ် ကာလတစ်လျှောက် သူနဲ့ မာနေးတို့ဟာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေတော့ မဟုတ်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ ပရော်ဖက်ရှင်နယ်ဆန်ခဲ့ပြီး အသင်းကို ဘယ်လိုမှ ထိခိုက်မှုမရှိခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Photo Credit : The Guardian

သူတို့နှစ်ဦးကြား အခြေအနေတင်းမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေဟာ အမြဲတမ်း ထွက်ပေါ်ခဲ့တာဖြစ်ပြီး အထင်ရှားဆုံးကတော့ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ဖလား စတင်ရရှိခဲ့တဲ့ ရာသီအစ ဘန်လေနဲ့ပွဲမှာ မာနေးက ဂိုးဧရိယာထဲမှာ ဂိုးမပေးဘဲ ဆာလာက ကိုယ်တိုင် ကန်သွင်းခဲ့တဲ့အတွက် မာနေး ဒေါသထွက်ခဲ့တဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၂၉၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကြပြီး တစ်ကြိမ်မှာ ရွှေဖိနပ်ဆုကိုလည်း အတူတူ ဆွတ်ခူးခဲ့ကြသလို ဘရာဇီးလ်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုနဲ့အတူ ကြောက်စရာကောင်းတဲ့ တိုက်စစ်သုံးဦးတွဲကိုလည်း ဖန်တီးနိုင်ခဲ့ကြပါတယ်။

ဆာလာက “ဟုတ်ပါတယ် ဆာဒီယိုနဲ့ အခြေအနေတင်းမာမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အဆုံးထိ ပရော်ဖက်ရှင်နယ်ဆန်ခဲ့ကြပါတယ်။ အသင်းကို ထိခိုက်မှုရှိခဲ့တယ်လို့တော့ မထင်ပါဘူး။ ကွင်းပြင်ပမှာတော့ ကျွန်တော်တို့ အရမ်းကြီး ရင်းနှီးတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး။ ဒါပေမဲ့ တစ်ဦးကိုတစ်ဦး အမြဲတမ်း လေးစားခဲ့ကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : KingFut

မာနေးက သူ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီးလည်း ဆာလာက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော် ဂရုမစိုက်ပါဘူး။ လူတွေက သူတို့ထင်ချင်တာ ထင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ မာနေးကို ဂိုးဖန်တီးမှုအများဆုံး ပြုလုပ်ပေးခဲ့သူဟာ ကျွန်တော်ပဲဆိုတာ လူတိုင်း သတိပြုမိစေချင်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော် ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်စိတ်လည်း ရှင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆာလာ မာနေးနဲ့ ဖာမီနိုတို့ဟာ လီဗာပူးလ်တိုက်စစ်တန်းမှာ အထူးခြေစွမ်းပြခဲ့သူတွေ ဖြစ်ပေမယ့် မာနေးက အရင်ဆုံး အသင်းကနေ ထွက်ခွာခဲဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းသွားခဲ့သလို အဲ့ဒီကနေ ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိရာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်