အာဆင်နယ်အသင်းဟာ လာလီဂါ အင်အားကြီး ရီးရဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပြိုင်ဆိုင်မှုကို ကျော်ဖြတ်ပြီးနောက် ရီးရဲလ် ဆိုစီဒက်က စပိန်ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ်။
သတင်းအများအပြားရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသက်(၂၆)နှစ်အရွယ် ကစားသမားအတွက် သဘောတူညီမှုရရှိထားပြီး တရားဝင်ကြေညာဖို့သာ ကျန်တော့ကြောင်း သိရပါတယ်။ ကစားသမားဟာ ဂန်းနားတို့နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး အာဆင်နယ်အသင်းက ၎င်းရဲ့ ယူရိုသန်း(၆၀) တန်ဖိုးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေတော့မှာ ဖြစ်ပါတယ်။
Photo Credit : Football Transfer
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နွေဈေးကွက်မှာ ဇူဘီမန်ဒီကို ခေါ်ယူဖို့ ဆိုစီဒက်နဲ့ ဆွေးနွေးမှုတွေ အဆင့်ဆင့် လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မတ်လမှာတော့ ဇူဘီမန်ဒီကို ကာလရှည်ကြာ စိတ်ဝင်စားခဲ့တဲ့ ဘာစီလိုနာအပြင် ရီးရဲလ်မက်ဒရစ်ပါ ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ ပါဝင်လာကြောင်း သတင်းအသစ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီဟာ အခုနှစ် ဘောလုံးရာသီမှာ ဆိုစီဒက်အတွက် ပြိုင်ပွဲစုံ (၄၄)ပွဲ ကစားပေးခဲ့ပြီး (၂)ဂိုးသွင်းယူကာ (၂)ဂိုး ဖန်တီးပေးထားပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းကလည်း အာနယ် ဆလော့ရဲ့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ဆိုစီဒက်မှာသာ ဆက်နေခဲ့ပါတယ်။
Photo Credit : GiveMeSport
အခုတော့ အာဆင်နယ်က အသင်းနည်းပြအာတီတာရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဇူဘီမန်ဒီလို အရည်အသွေးမြင့် ကွင်းလယ်လူတစ်ဦးကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပေမယ့်လည်း မဖြစ်မနေ အားဖြည့်ရမယ့် နေရာတစ်ခုဖြစ်တဲ့ အထောင်တိုက်စစ် နံပါတ်(၉)နေရာအတွက် တိုက်စစ်မှူးတစ်ဦးကိုတော့ ထပ်မံ ဖြည့်တင်းသွားရပါဦးမယ်။
အာဆင်နယ်ဟာ လက်ရှိမှာ တိုက်စစ်ကစားသမား အများအပြားနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက် ရှိနေပြီး စပို့တင်းက ဗစ်တာ ယိုကယ်ရက်စ် ၊ အစ်ဆွစ်ချ်က လီယန် ဒီလပ် ၊ လိုက်ပ်ဇစ်က ဆက်စ်ကိုတို့ကို အသင်းရဲ့ အလိုရှိနေတဲ့ တိုက်စစ်မှူးစာရင်းထဲမှာ ထည့်သွင်လို့ထားပြီး ဒီထဲက တစ်ဦးဦးကို အရ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။