တော့တင်ဟမ် ဟော့စပါးအသင်းနည်းပြ အန်ဂီ ပိုစတီကိုဂလူးက ယူရိုပါလိဂ်ဖလား ဆွတ်ခူးတဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် မရသင့်ဘူးလို့ ပြောဆိုခဲ့တဲ့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့အဆိုကို ပြတ်ပြတ်သားသား ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
ပိုစတီကိုဂလူးဟာ သူ့ရဲ့ ဒုတိယရာသီတွေမှာ အောင်မြင်မှုတွေ ရလေ့ရှိတယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပေမယ့် စပါးနဲ့ သူ့ရဲ့ ဒုတိယရာသီဟာ လက်ရှိအချိန်အထိတော့ ထင်သလောက် အခြေအနေမကောင်းသေးပါဘူး။ ဒါပေမယ့်လည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘိုဒိုဂလင့်ကို ၃-၁ ဂိုးနဲ့ အနိုင်ရထားတဲ့ စပါးအသင်းဟာ ဗိုလ်လုပွဲရောက်ဖို့ တစ်ပွဲသာ လိုတော့တာကြောင့် သူ့ရဲ့ပြောဆိုချက် မှန်ကန်လာနိုင်ပါတယ်။ ဗိုလ်လုပွဲမှာ စပါးနဲ့တွေ့နိုင်ခြေ အများဆုံးအသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ဖြစ်နေပါတယ်။
Photo Credit : France24
လက်ရှိလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းသိပ်မတည်ငြိမ်သေးတဲ့ စပါးနဲ့ ယူနိုက်တက်အသင်းမျိုးတွေ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အပေါ် အာဆင်နယ်နည်းပြဟောင်း ဝင်းဂါးအပါအဝင် လူအတော်များများက ယူရိုပါလိဂ်ဖလားရုံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရသင့်ဘူးလို့ ထောက်ပြပြောဆိုနေကြပါတယ်။ ဒီပြောဆိုချက်ကိုပဲ ပိုစတီကိုဂလူးက စပါးဆိုတဲ့အသင်းက လူတွေကို ရူးသွပ်စေတယ်လို့ ပြောဆိုကာ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
“ကောင်းပါပြီ။ ဒါက နှစ်ပေါင်းများစွာ ငြင်းခုံနေကြတဲ့ အငြင်းပွားမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး။ အရင်ကလည်း ပြောဖူးပါတယ်။ စပါးဆိုတဲ့အသင်းက လူတွေကို ရူးသွပ်စေတယ်။ တကယ်ပါပဲ။ ဒီကလပ်အသင်းအကြောင်း ဘယ်လိုကိစ္စနဲ့ပဲဖြစ်ဖြစ် စကားစပ်မိပြီဆိုရင် လူတိုင်းက သူ့ရဲ့တန်ဖိုးကို တတ်နိုင်သမျှ လျှော့ချဖို့ပဲ ကြိုးစားကြပါတော့တယ်။ ဘာလို့လဲ။ အရင်က ဒီကိစ္စက ပြဿနာမရှိဘဲ အခုမှ ဘာလို့ ပြဿနာဖြစ်လာရတာလဲ။ ကွာခြားမှုက ဘာလဲ ကျွန်တော်နားမလည်ဘူး။ မနှစ်ကဆိုရင် လိဂ်အဆင့် ၅ ရုံနဲ့ ချန်ပီယံလိဂ်မဝင်ရဘူး။ ဒီနှစ်ကျတော့ ဝင်ရတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။”
Photo Credit : FMT
“ပြိုင်ပွဲစည်းမျဉ်းတွေ ရှိပါတယ်။ အဲဒီစည်းမျဉ်းအရ ယူရိုပါလိဂ်ဖလားရတဲ့အသင်းက ချန်ပီယံလိဂ်ကို တက်ရောက်ခွင့်ရတယ်။ ဒါက ဒီနှစ်မှ ဖြစ်တာ မဟုတ်ဘူး။ နောက်ပြီး အဲဒီစည်းမျဉ်းမှာ တခြားဟာတွေ ထပ်လုပ်ရမယ်ဆိုတဲ့ ခြွင်းချက်လည်း မပါဘူး။ ဒါပေမယ့် ဒါက စပါးလေ။ သူတို့ သဘောကျတယ်။ သူတို့ သဘောကျတယ်။” လို့ ပိုစတီကိုဂလူးက ပြောဆိုခဲ့ပါတယ်။
စပါးအသင်းဟာ ဒီနေ့ညမှာ နော်ဝေကလပ် ဘိုဒိုဂလင့်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲ တက်ရောက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ စပါးက (၃-၁)နဲ့ အနိုင်ရထားပေမယ့် ဘိုဒိုဂလင့်ကလည်း အိမ်ကွင်းကစားအား အလွန်ကောင်းတဲ့အသင်း ဖြစ်တာကြောင့် အခု ဒုကျော့ပွဲက စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပါတယ်။