အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် နည်းပြ မီခယ်လ် အာတီတာဟာ စိတ်ပျက် ဝမ်းနည်းပေမဲ့ သူက အာဆင်နယ်ဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းဖြစ်ခဲ့ပြီး ပီအက်စ်ဂျီထက်လည်း ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီ ဂိုးသမား ဂီယန်လူအီဂျီ ဒွန်နာရမ်မာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေနဲ့အတူ ဒက်ကလန်ရိုက်စ်နဲ့ ဘူကာယို ဆာကာတို့ရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာတွေက အာဆင်နယ်အတွက် နာကျင်စရာ ဖြစ်ခဲ့ပါတယ်။

Photo Credit : BBC

ပွဲအပြီးမှာ အာတီတာက “ပထမဆုံးအနေနဲ့ ဖိုင်နယ်ကို တက်ရောက်သွားတဲ့ ပီအက်စ်ဂျီ အသင်းကို ဂုဏ်ပြုပါတယ်။ ပွဲအပေါ် သုံးသပ်ချက်ကိုတော့ ကျွန်တော် စိတ်အေးသွားတဲ့အခါမှ ပြုလုပ်သွားမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ အရံခုံကနေ ကျွန်တော်ချက်ချင်းရလိုက်တဲ့ တုံ့ပြန်ချက်ကတော့ ကျွန်တော်တို့က သူတို့ထက် အများကြီး ပိုကောင်းခဲ့တယ်ဆိုတာပါပဲ။ နှစ်ကျော့လုံးကို ပြန်ကြည့်ရင် သူတို့ရဲ့အကောင်းဆုံးကစားသမားက ဂိုးသမားဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ သူက ဒီပွဲစဉ်မှာ သူတို့အတွက် ခြားနားမှုကို ဖန်တီးပေးခဲ့တာပါ။”

“ကျွန်တော်တို့ အနိုင်ရဖို့ အရမ်းနီးစပ်ခဲ့တယ်လို့ ထင်ပါတယ်။ ရလဒ်တွေက ပြနေတာထက် အများကြီးပိုပြီး နီးစပ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ဒီနေ့ ကျွန်တော်တို့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု ပွဲကိုစတင်ခဲ့ပုံ ဖိအားတွေကို ကိုင်တွယ်ခဲ့ပုံတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ ပွဲစပြီး မိနစ်(၂၀)မှာ ၃-၀ လောက် ဖြစ်သင့်တဲ့အထိ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုပြိုင်ပွဲမျိုးမှာ ကိုယ့်ဘက်ကို ပါလာဖို့ အပိုတစ်ခုခု လိုအပ်တတ်ပြီး ဒီတစ်ကြိမ်မှာတော့ အဲ့ဒီအရာက ဖြစ်မလာခဲ့ပါဘူး။”

Photo Credit : Sky Sports

သူရဲ့အသင်းက တိုးတက်နေရဲ့လားလို့ မေးမြန်းရာမှာ အာတီတာက “ရာနှုန်းပြည့်ပါပဲ။ ဒီပြိုင်ပွဲမှာ ခုချိန်ထိ ကျွန်တော်တို့အသင်းထက် ပိုကောင်းတဲ့အသင်း ရှိခဲ့တယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီညမှာတော့ ကျွန်တော်တို့ ထွက်ခဲ့ရပြီဖြစ်ပြီး နှစ်ကျော့လုံးမှာ ဒီထက်ပိုပြီး ထိုက်တန်ခဲ့တယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက ဂိုးပေါက်အတွင်းက အဆုံးအဖြတ်တွေ တိုက်စစ်မှူးတွေရဲ့ အရည်အသွေးနဲ့ နှစ်ကျော့လုံးမှာ သူတို့ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ဂိုးသမားအကြောင်းပါပဲ။” လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

အာတီတာက ဆက်လက်ပြီး “ကျွန်တော် စိတ်ပျက်မိပါတယ်။ နှစ်ကျော့လုံးရဲ့ အချိန်တော်တော်များများမှာ ကျွန်တော်တို့ နိုင်ပွဲနဲ့ အရမ်းနီးစပ်ခဲ့တယ်။ ကျွန်တော်တို့က သူတို့ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တဲ့နေရာကို မရောက်ခဲ့ဘူး။ အဲ့ဒါက နာကျင်စေရမှာဖြစ်ပြီး ဒီပြိုင်ပွဲကို အနိုင်ရချင်တယ်။ အဲ့ဒီအဆင့်ကို သွားချင်တယ်ဆိုရင် ဒါကို ကျွန်တော်တို့ သဘောပေါက်ရပါမယ်။ ပြီးတော့ ကျွန်တော်တို့အပေါ်မှာ မူတည်နေတဲ့ အချို့အရာတွေလည်း ရှိနေပါတယ်။ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဆိုတာကို နားလည်ရုံသက်သက်နဲ့တော့ မပြီးပါဘူး။ ကျွန်တော်ကတော့ အဲ့ဒီလိုမျိုး မမြင်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။