မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဝိန်း ရွန်းနီက လက်ရှိအသင်းရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲက ခြေစွမ်းကောင်းတွေဟာ ကလပ်အတွင်းပိုင်းက အက်ကွဲကြောင်းများစွာကို ဖုံးကွယ်ထားရုံသာ ဖြစ်နေမှာကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ဥရောပ ပြိုင်ပွဲတွေမှာ ရှုံးပွဲလုံးဝ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး လာမယ့် မေလ ၂၁ ရက်နေ့ စပိန်နိုင်ငံမှာ ယူရိုပါလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရရှိမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ရွန်းနီက အိုးထရက်ဖို့ဒ်မှာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ကြီးမားတဲ့ ပြဿနာတွေ ရှိနေပြီး ဒါတွေကို အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ကြောင်းလည်း သတိပေးပြောဆိုခဲ့ပါတယ်။

Photo Credit : United in Focus

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာထိတောင် ရောက်ရှိနေပြီး တစ်ရာသီအတွင်းမှလည်း ရှုံးပွဲအရေအတွက်က (၁၆)ပွဲအထိတောင် ရှိထားခဲ့သလို လက်ရှိ ၂၀၂၅ထဲမှာ ကစားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)ပွဲမှာလည်း လက်စတာ ဆောက်သမ်တန် အစ်ဆွစ်ချ်နဲ့ ဖူလ်ဟမ်တို့သာ အနိုင်ရခဲ့ပြီး (၇)ပွဲထိတောင် ရှုံးထားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့ ရွန်းနီက “ကျွန်တော် ခံစားမိတာကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်တာဟာ အသင်းရဲ့ အက်ကွဲကြောင်း အများကြီးကို ဖုံးကွယ်ထားလိုက်တာမျိုးပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

“မန်ချက်စတာ ယူနိုက်တက်မှာ အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေတဲ့ ပြဿနာကြီးတွေ ရှိနေပါတယ်။” လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟောင်း ရွန်းနီရဲ့ သားဖြစ်သူ ကိုင်း ရွန်းနီဟာ ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းက အကယ်ဒမီမှာ ရှိနေတာကြောင့် ရွန်းနီကိုယ်တိုင်ဟာ ကလပ်ရဲ့ လေ့ကျင့်ရေးဌာနချုပ်ကို ပုံမှန် သွားရောက်လေ့ရှိသူ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

ရွန်းနီက ပရီးမီးယားလိဂ်မှာ အကြိမ်ပေါင်းများစွာ အလွယ်တကူ ထိုးဖောက်ခံနေရတဲ့ နောက်တန်းသုံးယောက် ကစားကွက် (three-back system) ကို နည်းပြ အမော်ရင်က ဘာကြောင့် ဆက်လက် စွဲကိုင်ထားသလဲဆိုတာကို နားမလည်နိုင်စရာ ဖြစ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ ပိုပြီး ရှုပ်ထွေးစရာကောင်းတာက ယူနိုက်တက်ရဲ့ ယူ-၂၃ အသင်းက အဲ့ဒီစနစ်အတိုင်း မကစားတာကြောင့် ပထမအသင်းကို တက်ရောက်လာတဲ့ ကစားသမားတွေဟာ အသင်းရဲ့ ကစားပုံနဲ့ အသားကျဖို့ အသင့်ဖြစ်မနေတာပါပဲ။

ယူနိုက်တက် ကစားသမားဘဝမှာ (၂၅၃)ဂိုး သွင်းယူခဲ့တဲ့ ရွန်းနီက “ဒုတိယအသင်း (လူငယ်အသင်း) က နောက်တန်းလေးယောက် ကစားကွက်နဲ့ ကစားနေတာကို တွေ့ရတော့ ကျွန်တော် ဒါကို ထူးဆန်းတယ်လို့ ထင်မိတယ်။ အဲ့ဒီ ကစားသမား အများစုက အခု ပထမအသင်းထဲကို ရောက်လာကြပြီ။ ဒါပေမဲ့ သူတို့က ယူ-၂၃ ဒါမှမဟုတ် ယူ-၂၁ အသင်းတွေမှာ ပွဲကစားချိန် ရယူနေပေမယ့် မတူညီတဲ့ ကစားကွက်တစ်ခုနဲ့ ကစားနေကြရတာ။ ကျွန်တော့်အတွက်တော့ ဒါက နည်းနည်း ရှုပ်ထွေးစရာပဲ။ နောက်တန်း ငါးယောက်၊ ဒါမှမဟုတ် သုံးယောက် ကစားကွက်ကို ဘောလုံးရှိတဲ့ ပြိုင်ဘက်ကစားသမားအပေါ် ဖိအားပေးဖို့အတွက် ကစားတာမျိုးက ထူးဆန်းတယ်။ အဲ့လိုမှ မဟုတ်ရင် ဘောလုံးက ကွင်းလယ်ကနေတစ်ဆင့် ခံစစ်ဆီကို ပြန်ပြန် ရောက်လာနေမှာပဲ။ ဘရန့်ဖို့ဒ်အသင်းက ယူနိုက်တက်ကို တောင်ပံနေရာတွေကနေ ပြဿနာ အများကြီး ပေးခဲ့တယ်။ ယူနိုက်တက်ကလည်း အဲ့ဒီပွဲမှာ တကယ်တမ်း ပြင်းပြင်းထန်ထန် ကစားနိုင်ခဲ့ခြင်း မရှိခဲ့ဘူး။” လို့ ရွန်းနီက ဆိုပါတယ်။