အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မာတင် အိုဒီဂတ်က ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့ ကစားပုံမှာ အရမ်းပေါ့လျော့လွန်းပြီး လက်ခံနိုင်စရာ မရှိခဲ့ကြောင်း စိတ်ပျက်စွာ ဝန်ခံ ပြောကြားလိုက်ပါတယ်။
ပထမပိုင်းမှာ ဒက်ကလန် ရိုက်စ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဘုန်းမောက်ဘက်က ဟောက်ဆန်နဲ့ အီဗန်နီလ်ဆန်တို့က အလွတ်တည်ကန်ဘောများကတစ်ဆင့် ချေပဂိုးနဲ့ အနိုင်ဂိုးများ သွင်းယူသွားခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲ မတိုင်မီ အာဆင်နယ်တို့အတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပြီး အဆိုပါပွဲစဉ်အတွက် ပထမအကျော့မှာလည်း (၀-၁)နဲ့ ရှုံးနိမ့်ထားပါသေးတယ်။
Photo Credit : Sports Illustrated
မြောက်လန်ဒန်ကလပ်အသင်းဟာ ဒီရာသီ လိဂ်ပွဲစဉ်များမှာ ဦးဆောင်ဂိုး ရရှိထားတဲ့ အနေအထားကနေ ရမှတ်ပေါင်း (၂၁)မှတ်အထိ ဆုံးရှုံးထားခဲ့ပြီး မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ် အပါအဝင် အသင်းများစွာရဲ့ လိုက်လံ ဖိအားပေးမှုကြောင့် အဆင့်(၂)နေရာကို ဆုံးရှုံးရမယ့် အခြေအနေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
ဒီရှုံးပွဲအပေါ် အိုဒီဂတ်က “အရမ်းကို စိတ်ပျက်မိပါတယ်။ ပွဲအစမှာ ကျွန်တော်တို့ တော်တော်လေး ကောင်းကောင်း စတင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဦးဆောင်ဂိုးလည်း ရခဲ့ပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမယ့် သူတို့ ဂိုးသွင်းလိုက်တဲ့အခါ ကျွန်တော်တို့ ပွဲကို ပြန်မထိန်းချုပ်နိုင်တော့ဘူး။ အဲ့ဒီနောက်ပိုင်း ကျွန်တော်တို့ ပုံစံမှန် ဘယ်တော့မှ ပြန်မရတော့ဘူး။ ကျွန်တော်တို့ဘက်က အရမ်းဖရိုဖရဲနိုင်လွန်းပြီး အရမ်းပေါ့လျော့လွန်းခဲ့တယ်။ ဒုတိယပိုင်းကစားပုံက လုံးဝလက်ခံနိုင်စရာမရှိပါဘူး။”
Photo Credit : Football365
“ကျွန်တော်တို့ ရှေ့ဆက်ရပါမယ်။ ဘာလို့လဲဆိုတော့ အရမ်းအရေးကြီးတဲ့ ပွဲကြီးတစ်ခု လာဖို့ရှိနေလို့ပါ။ အဲ့ဒီပွဲအတွက် အသင့်ပြင်ဆင်ထားရမှာ ဖြစ်သလို ဒီပွဲကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါပဲ။ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်ချင်တာပါ။ ကျွန်တော်တို့ ဒီကိုလာပြီး ပွဲကောင်းတစ်ပွဲကစား အနိုင်ရချင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။” လို့ အိုဒီဂတ်က ပြောဆိုခဲ့ပါတယ်။
အာတီတာက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၅)အတွင်း နေရာတစ်နေရာ သေချာစေဖို့ အာဆင်နယ်အနေနဲ့ လုပ်ဆောင်စရာများ ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ “ဟုတ်ကဲ့။ ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ သင်္ချာနည်းအရ ကျွန်တော်တို့ ဝင်ခွင့်မရသေးပါဘူး။ ဒုတိယနေရာနဲ့ အဆုံးသတ်ဖို့ အခွင့်အရေးလည်း မရသေးတော့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်” လို့ အာတီတာက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။