အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းကို သွားရောက်ကစားရမည့်ပွဲမှာ ဘုန်းမောက်ကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ခြင်းက ရရှိလာတဲ့ စိတ်ပျက်ဒေါသထွက်မှုကို အသင်းသားများအနေနဲ့ အသုံးချသွားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ပီအက်စ်ဂျီကို အိမ်ကွင်း အမ်းမရိတ်စ်မှာ (၁-၀) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် (၄)ရက်အကြာ စနေနေ့မှာ အာဆင်နယ်က အမ်းမရိတ်စ်ကွင်းမှာပဲ နောက်တစ်ကြိမ် ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ပထမပိုင်း ပွဲကစားချိန်မှာ ဒက်ကလန် ရိုက်စ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဟောက်ဆန်နှင့် အီဗန်နီလ်ဆန်တို့က ဘုန်းမောက်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးများ သွင်းယူပြီး ပွဲအဖြေကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။

Photo Credit : FotMob

အခုဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာ အနိုင်ရရှိထားပြီး ရာသီသိမ်းဖို့ ပွဲစဉ် (၃)ပွဲသာ ကျန်ရှိတော့တဲ့ချိန်မှာ အဆင့်(၃)က မန်စီးတီးအသင်းထက် (၃)မှတ်ပဲ အသာရနေပါတော့တယ်။ဒါ့အပြင် တနင်္ဂနွေနဲ့ တနင်္လာနေ့များမှာ နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ နော်တင်ဟမ် ဖောရက်စ်တို့က သူတို့ရဲ့ ပွဲစဉ်တွေကို နိုင်ပွဲအသီးသီး ရခဲ့မယ်ဆိုရင် အာတီတာရဲ့ အသင်းသားများဟာ အဆင့်(၅)အတွင်း ဝင်ရောက်ရေးအတွက် ရုန်းကန်ရဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီနဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့မှာ ပါ့ခ်ဒက်စ်ပရင့်စ်ကွင်းဆီ သွားရောက်ကစားရမည်ဖြစ်ပြီး ဒီပွဲမှာ နည်းပြအာတီတာက စနေနေ့ ရှုံးပွဲမှ နာကျင်မှုကို အားအဖြစ် ပြောင်းလဲအသုံးချစေလိုကြောင်း BBC Match of the Day သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပွဲကို စတင်ခဲ့ပြီး လိုချင်တဲ့ အရာတော်တော်များများလည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပွဲကို အပြတ်မဖြတ်နိုင်ခဲ့ဘူး။ ဒါ့အပြင် ကိုယ့်ရဲ့ဂိုးဧရိယာကို set-piece (၂)ကြိမ်ကနေ ခုလိုမျိုး ကာကွယ်မိရင်တော့ ပြဿနာအကြီးကြီး တက်မှာပဲ။”

Photo Credit : Goal

“ကျွန်တော်တို့ ပွဲကို စောစောစီးစီး အပြတ်သတ်ခဲ့သင့်တယ်။ ကာကွယ်ပုံက အရမ်းညံ့ဖျင်းခဲ့ပြီး ကျွန်တော်တို့ ကျင့်သားရနေတဲ့ စံနှုန်းတွေနဲ့ အဝေးကြီး လွဲချော်နေခဲ့တယ်။ ဒီနေ့ပွဲမှာ အရှိန်အဟုန်ကောင်းနဲ့ အကောင်းမြင်စိတ်တွေကို ဖန်တီးချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဖန်တီးမိလိုက်တာကတော့ စိတ်ပျက်မှု ဒေါသထွက်မှုနဲ့ အမျက်ဒေါသတွေပါပဲ။ ဒီအရာတွေကို ဗုဒ္ဓဟူးနေ့ပွဲမှာ အသုံးချနိုင်အောင် သေချာလုပ်ဆောင်ရပါမယ်။” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပင်နယ်တီကလွဲပြီး အလွတ်တည်ကန်ဘောတွေကနေ တစ်ပွဲတည်း (၂)ဂိုး ပေးခဲ့ရခြင်းမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက လူတန်တောင်းနှင့်ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ဒုကျော့ကစားရဖို့ ရှိနေတဲ့ ပီအက်စ်ဂျီဟာလည်း မနေ့က လီဂူးပွဲစဉ်မှာ စထရာဘိုးအသင်းကို ရှုံးနိမ့်ခဲ့ပါသေးတယ်။