မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အမော်ရင်က ဒီရာသီမှာ အသင်းက ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ရင်တောင်မှ သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ပွဲဦးထွက်ရာသီဟာ ကျရှုံးခဲ့တာပဲလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုလိုက်ပါတယ်။
၂၀၂၄-၂၅ ဘောလုံးရာသီဟာ ယူနိုက်တက်အတွက် ကြောက်မက်ဖွယ်ရာ ဆိုးရွားတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အဆင့်(၁၀)နဲ့ အပြင်ဘက်မှာ ရပ်တည်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။ ဒါ့အပြင် ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာလည်း အစောပိုင်းအဆင့်တွေမှာတင် ထွက်ခဲ့ရပါတယ်။
Photo Credit : beIN SPORTS
လက်ရှိအချိန်မှာ ယူနိုက်တက်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့သာ ရှိနေတော့ပြီး ခုလည်း ယူနိုက်တက်က ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ အမော်ရင်ကတော့ ဒီဖလားကို ရယူနိုင်ခဲ့ရင်တောင်မှ သူတို့ရဲ့ ရာသီကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။
ပေါ်တူဂီလူမျိုး နည်းပြ အမော်ရင်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။ “ဒီပြိုင်ပွဲက ကျွန်တော်တို့ရဲ့ ရာသီအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ လူတိုင်းသိပါတယ်။ ဘာအရာမှ ကျွန်တော်တို့ရဲ့ ရာသီကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကတော့ ကြီးမားတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဖလားတစ်လုံးရတာနဲ့ နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရတာက အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ နွေရာသီမှာတောင် ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။
Photo Credit : Sky Sports
ယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အံ့မခန်း ပုံစံနဲ့ အချိန်ပိုမှာ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့တာပါ။ ပထမပိုင်းမှာ (၂)ဂိုးပြတ် ဦးဆောင်ထားတဲ့ မန်ယူဟာ ဒီအသာစီးကို လက်လွှတ်ခဲ့ရပြီး ပွဲက အချိန်ပိုအထိ ရောက်သွားခဲ့ပါတယ်။ အချိန်ပိုမှာ လိုင်ယွန်က (၂)ဂိုးသွင်းယူခဲ့လို့ မန်ယူရဲ့ ခရီးလမ်း အဆုံးသတ်ပြီလို့ ထင်ရတဲ့ အချိန် ပွဲပြီးဖို့ (၆)မိနစ်သာ လိုတော့တဲ့အချိန်မှာ ဘရူနို ဖာနန်ဒက်စ်၊ ကိုဘီ မိုင်းနူးနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့က ဆက်တိုက်ဆိုသလို ဂိုးတွေသွင်းယူပြီး မန်ယူကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
အမော်ရင်ရဲ့ ယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့ ဒီနေ့ညမှာ ကျင်းပမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ တစ်ပတ်အကြာမှာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။