အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီ အင်ဇာဂီဟာ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် တောင်ပံကစားသမားလေး လာမင်း ယာမားလ်ရဲ့ အင်တာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲက ခြေစွမ်းပြမှုအပေါ် အထူးအံ့အားသင့်ပြီး ချီးကျူးစကားတွေ ပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒုတိယ အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယာမားလ်ဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့ ဘာစီလိုနာအသင်းအတွက် အကြိမ် (၁၀၀)မြောက်အဖြစ် ပွဲထွက်ကစားခြင်းကို အကောင်းဆုံး စွမ်းဆောင်မှုနဲ့ အသင်းအပေါ် ကြီးမားတဲ့ ကူညီပံ့ပို့းမှုတွေ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Barca Blaugranes

အသက်(၁၇)နှစ်သာ ရှိသေးတဲ့ ယာမာလ်းဟာ အင်တာမီလန်တို့ မားကပ်စ် သူရမ်နဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နေတဲ့အချိန်မှာ ဘာစီလိုနာအတွက် ချေပဂိုး လှလှပပ သွင်းယူပေးပြီး အသင်းကို ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

ဖာရန် တောရက်စ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒမ်ဖရိုင်းစ်က နောက်ထပ်တစ်ဂိုး ထပ်သွင်းပြီး အင်တာကို ဦးဆောင်စေပြန်ပါတယ်။ ဒါပေမယ့် ဘာကာက အင်တာဂိုးသမား ယန်း ဆွမ်မာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကနေတစ်ဆင့် ထပ်မံ ချေပနိုင်ခဲ့တာကြောင့် ပွဲအခြေအနေက ၃-၃ ဖြစ်လာပြီး လာမယ့်အပတ် ဆန်စီရိုကွင်းမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အကြိတ်အနယ်ဖြစ်နေစေခဲ့ပါတယ်။

Photo Credit : Semana

အင်တာနည်းပြ အင်ဇာဂီက ဒီပွဲအပြီးမှာ ယာမားလ်ရဲ့ ခြေစွမ်းကို ချီးကျူးရင်း “ကျွန်တော် လွန်ခဲ့တဲ့ (၈)နှစ် (၉)နှစ်အတွင်း ယာမားလ်လို ကစားသမားမျိုး မတွေ့ဖူးသေးပါဘူး။ ကျွန်တော်တို့ သူ့ကို ကစားသမား (၃)ယောက်လောက်နဲ့ ဖိအားပေး ထိန်းချုပ်ခဲ့ရပါတယ်။ ဒါကလည်း တခြားနေရာတွေမှာ နေရာလွတ်တွေ ပေါ်လာစေခဲ့တာပေါ့။ အဲ့ဒီနောက်ပိုင်းမှာ သူ့ရဲ့ ခြေစွမ်းအနည်းငယ် ကျဆင်းသွားခဲ့ပြီး ကျွန်တော်တို့ရဲ့ ဒုတိယပိုင်းကစားပုံက အရမ်းကို အရည်အသွေးမြင့်မားခဲ့ပါတယ်။” လို့လည်း ပြောပါတယ်။

ယာမားလ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် အငယ်ဆုံး ကစားသမားအဖြစ် ကီလီယန် အမ်ဘာပေရဲ့ အရင်စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီစပိန်လက်ရွေးစင် ကစားသမားလေးဟာ ၂၀၁၆-၁၇ ရာသီမှာ မိုနာကိုအသင်းအတွက် ဘာပေ လုပ်ပြခဲ့ဖူးတဲ့အတိုင်း ချန်ပီယံလိဂ် တစ်ရာသီတည်းမှာ ၁၆ သင်းအဆင့် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ဆယ်ကျော်သက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။