ရီးယဲလ် မက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါဟာ ဒူးအရွတ် စုတ်ပြဲမှုကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပြီးနောက် ရက်သတ္တပတ် (၆)ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီဒဏ်ရာကြောင့် ရူဒီဂါဟာ လက်ရှိဘောလုံးရာသီရဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေကို ပါဝင်နိုင်တော့မှာ မဟုတ်ဘဲ လွဲချော်သွားရပါတော့မယ်။
အသက်(၃၂)နှစ်အရွယ် ရူဒီဂါဟာ ဒီရာသီမှာ ဒူးဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေခဲ့ပေမယ့် ပြိုင်ပွဲစုံ (၄၉)ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာတော့ ရီးယဲလ်အသင်းက ရူဒီဂါ ဒူးခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပြီး အသင်းနဲ့ ကစားသမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ရူဒီဂါဟာ (၆)ပတ်ခန့်လောက်အထိ အနားယူသွားရနိုင်တယ်လို့ ဖော်ပြလာပါတယ်။
Photo Credit : The Whistler Newspaper
ရူဒီဂါက သူ့ရဲ့လူမှုကွန်ရက်မှာ “ပြင်းထန်တဲ့ နာကျင်မှုနဲ့ (၇)လကျော် ကစားခဲ့ရပြီးနောက် ဒူးအရွတ်ကို ခွဲစိတ်ဖို့က ရှောင်လွှဲလို့ မရတော့ပါဘူး။ နောက်ဆုံးတော့ နာကျင်မှုကနေ ကင်းဝေးသွားပါပြီ။ ခွဲစိတ်မှုလည်း အောင်မြင်ပါတယ်။ ဆေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ရေးသားခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာ ကစားမယ့် ဂျာမနီအသင်းရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပေါ်တူဂီနဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ရူဒီဂါရဲ့ ခွဲစိတ်မှုဟာ ရီးယဲလ်အသင်းရဲ့ နောက်ခံလူ ဒဏ်ရာပြဿနာတွေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။ ညာနောက်ခံလူ ဒါနီ ကာဗာဟဲလ်နဲ့ ဗဟိုနောက်ခံလူ အီဒါ မီလီတာအိုတို့ဟာလည်း ACL ဒဏ်ရာတွေကြောင့် အနားယူနေရဆဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ကာမာဗင်ဂါဟာလည်း ဘယ်နောက်ခံလူနေရာမှာပါ ကစားပေးနိုင်သူဖြစ်ပေမယ့် ပေါင်ခြံဒဏ်ရာကြောင့် ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။
Photo Credit : ESPN
ဂျာမနီလက်ရွေးစင် ရူဒီဂါဟာ မကြာသေးမီက ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ အနီကတ်ပြခံခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ကပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး ရီကာဒို ဒီ ဘားဂို့စ် ဘန်ဂိုအက်ချီယာက သူ့ရဲ့ပွဲအစီရင်ခံစာမှာ ရူဒီဂါဟာ နည်းပြအဖွဲ့နေရာကနေ သူ့ဆီကို ပစ္စည်းတစ်ခု ပစ်ပေါက်ခဲ့တာကြောင့် အနီကတ်ပြခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်အတွက် လူမှုကွန်ရက်မှာ တောင်းပန်ခဲ့တဲ့ ရူဒီဂါဟာ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ရဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပုဒ်မ ၁၀၁ ကို ချိုးဖောက်တယ်လို့ သတ်မှတ်ခံရမယ်ဆိုရင် ပြည်တွင်းပွဲစဉ် (၄)ပွဲကနေ (၁၂)ပွဲအထိ ပွဲပယ်ခံရနိုင်ပါတယ်။ အဆိုပါပုဒ်မမှာ “ဒိုင်လူကြီးများအပေါ် အနည်းငယ် အကြမ်းဖက်ခြင်း ကိုင်ဆွဲခြင်း တွန်းခြင်း လှုပ်ရမ်းခြင်း ဒါမှမဟုတ် ဒိုင်လူကြီးများအပေါ် အနည်းငယ် အကြမ်းဖက်တဲ့ အခြားအပြုအမူများ ပြုလုပ်ခြင်းတို့အတွက် (၄)ပွဲမှ (၁၂)ပွဲအထိ ပိတ်ပင်အရေးယူခံရမယ်။” လို့ ပါရှိပါတယ်။