အက်စတွန် ဗီလာအသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ အငှားစာချုပ်ကို သက်တမ်းမကုန်ခင် အဆုံးသတ်ဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဗီလာအသင်းတို့ကြား ဆွေးနွေးနေကြတာကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ မိခင်ကလပ် ယူနိုက်တက်အသင်းဆီ စောစီးစွာ ပြန်သွားရဖွယ် ရှိနေပါတယ်။
ရပ်ရှ်ဖို့ဒ်အတွက် အဆင်မပြေမှုတွေနဲ့ ကြုံနေရတဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီဟာ ပြီးခဲ့တဲ့အပတ် လေ့ကျင့်ခန်းမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ရုတ်တရက် အဆုံးသတ်သွားနိုင်ခြေ ရှိနေပါတယ်။ ဒီဒဏ်ရာကြောင့် သူဟာ ရာသီကုန်အထိ အနားယူရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရပ်ရှ်ဖို့ဒ်သာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြံ့ခိုင်မှု အပြည့်အဝ ပြန်ရခဲ့ရင်တောင်မှ သူ့ရဲ့ မိခင်ကလပ် ယူနိုက်တက်နဲ့ ကစားရမယ့် ဗီလာရဲ့ ရာသီနောက်ဆုံးပွဲစဉ်မှာ စည်းမျဉ်းအရ ပါဝင်ကစားခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် သူ ပါဝင်ကစားနိုင်ခြေရှိတဲ့ နောက်ဆုံးပွဲစဉ်က မေလ (၁၈)ရက်နေ့ စပါးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ပဲ ကျန်တော့တာဖြစ်ပြီးအခု ဒဏ်ရာကြောင့် အဲ့ဒီပွဲကိုလည်း လွဲချော်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။
Photo Credit : SPORTbible
ဒီအခြေအနေတွေကြောင့် The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နဲ့ ဗီလာတို့ဟာ ရပ်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်ကို စောစီးစွာ အဆုံးသတ်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။ မူလက စာချုပ်သက်တမ်းက ရာသီကုန်အထိ ဖြစ်ပေမယ့် အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ ရာသီပိတ်သိမ်းခါနီး ပွဲစဉ်တွေမှာ ကွင်းအတွင်း ပါဝင်ကူညီနိုင်တော့မှာ မဟုတ်ဘူးဆိုရင် သူ့ကို ဗီလာအသင်းမှာ ဆက်လက် ထားရှိဖို့က အကြောင်းပြချက် သိပ်မရှိတော့ပါဘူး။ ရပ်ရှ်ဖို့ဒ် အချိန်မီ ပြန်လည်သက်သာလာမှာ မဟုတ်ဘူးလို့ နှစ်ဖက်အသင်းက သဘောတူညီမှုရခဲ့ရင် အိုးလ်ထရက်ဖို့ဒ်ကို စောစီးစွာ ပြန်သွားဖို့ မကြာမီ စီစဉ်နိုင်ဖွယ် ရှိနေပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကို မျှော်လင့်ထားတာထက် စောပြီး ပြန်လာခဲ့ရင်တောင်မှ ကလပ်အသင်းမှာ သူ့ရဲ့ ရေရှည် အနာဂတ်ကတော့ မရေမရာ ဖြစ်နေဆဲပါ။ ဒီတိုက်စစ်မှူးဟာ နည်းပြသစ် ရူဘင် အမော်ရင်ရဲ့ လာမယ့် ရာသီအတွက် အစီအစဉ်တွေမှာ ပါဝင်ခြင်း မရှိဘူးလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ မကြာသေးမီ ရာသီတွေအတွင်း ခြေစွမ်းနဲ့ တည်ငြိမ်မှုပိုင်း ရုန်းကန်နေရတဲ့ ရပ်ရှ်ဖို့ဒ်အတွက် အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖွယ် ရှိနေပါတယ်။ ရပ်ရှ်ဖို့ဒ် ကိုယ်တိုင်ကလည်း ဒီအခြေအနေကို သိရှိထားပြီး သူ့ရဲ့ ကစားသမားဘဝ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ဆုံးဖြတ်ဖို့ ဇွန်လလယ်မတိုင်ခင် ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Photo Credit : Sky Sports
ဗီလာအသင်းဟာ ရပ်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်သန်း(၄၀)နဲ့ အပြီးသတ် ဝယ်ယူခွင့်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဒီအပြောင်းအရွှေ့ကို အပြီးသတ် ခေါ်ယူမလားဆိုတာ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ ရပ်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေ သူ အသင်းမှာ ဆက်နေချင်တဲ့ ဆန္ဒနဲ့ ဗီလာအသင်းရဲ့ ရည်မှန်းချက်တွေ အထူးသဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိရေးအပေါ်မှာ အများကြီး မူတည်နိုင်ပါတယ်။
ရပ်ရှ်ဖို့ဒ်ကတော့ UEFA ချန်ပီယံလိဂ်မှာ ဆက်လက် ယှဉ်ပြိုင်ကစားခွင့်ရမယ့် အပြောင်းအရွှေ့မျိုးကို ပိုပြီး သဘောကျ နှစ်သက်တယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့် ဗီလာအသင်းသာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့မယ်ဆိုရင် သူ့အတွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း စပိန်ကလပ် ဘာစီလိုနာအသင်းကလည်း နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။