အာဆင်နယ် ဂန္တဝင်ကစားသမားဟောင်း ပေါလ် မာဆန်က နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ကိုသာ ဒီနွေရာသီမှာ အာဆင်နယ် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၁၀ မှတ်ဖြတ်ပြီး ရယူနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ဂန်းနားတို့ဟာ ဒီနွေရာသီမှာ တိုက်စစ်မှူးသစ် ရှာဖွေနေပြီး အီဆတ်ဟာ ချိတ်ဆက်မှုတွေ ရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
အီဆက်ဟာ ဒီရာသီမှာ ထူးချွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး သူ့ကစားသမားဘဝရဲ့ အကောင်းဆုံး ဂိုးသွင်းမှတ်တမ်းကိုလည်း ရရှိထားပါတယ်။ သူ့ရဲ့ခြေစွမ်းက နယူးကာဆယ်အသင်းကို နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံး ဆုဖလားတစ်လုံး ရရှိအောင် ကူညီပေးနိုင်ပါခဲ့တယ်။ ဒါကြောင့်လည်း အီဆက်ဟာ ဥရောပရဲ့ အလိုအရှိဆုံး ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။
Photo Credit : Sky Sports
အင်္ဂလန်ကို မပြောင်းလာခင်ကတည်းက အာဆင်နယ်လို အသင်းကြီးတွေနဲ့ သတင်းထွက်ခဲ့ဖူးပြီး အီဆက်ဟာ လန်ဒန်မြောက်ပိုင်းကလပ် အာဆင်နယ်နဲ့ တွေ့တိုင်း ဂိုးတွေ သွင်းယူလေ့ရှိပါတယ်။ ဂိုးသွင်းနှုန်းမြင့်မားတဲ့ တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေတဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေမှာ တိုက်စစ်မှူး ခေါ်ယူဖို့ မအောင်မြင်ခဲ့ပေမယ့် ဒီနွေရာသီမှာတော့ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးအတွက် အားစိုက်ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။
နည်းပြ မီခေးလ် အာတီတာဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နောက်တစ်ကြိမ် လက်လွှတ်ခဲ့ရပေမယ့် ပေါလ် မာဆန်ကတော့ အီဆက်ကို ခေါ်ယူခြင်းက အာဆင်နယ်အတွက် အဆုံးအဖြတ် ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မာဆန်က Sportskeeda ကို ပြောကြားခဲ့ရာမှာတော့ “အလက်ဇန်းဒါး အီဆက်ကို ဒီနွေရာသီမှာ ကလပ်အသင်းအချို့က စိတ်ဝင်စားကြမှာ သေချာပါတယ်။ ဒါပေမယ့် သူက သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်ခင် စောင့်ကြည့်နေနိုင်တယ်လို့ ကျွန်တော် ခံစားမိတယ်။ နယူးကာဆယ်က နောက်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့်ရနိုင်တယ်။ ပြီးတော့ သူတို့ ဆုဖလားတွေ ရယူနိုင်တယ်ဆိုတာကိုလည်း ပြသထားပြီးသားပဲ။
Photo Credit : Sky Sports
“မေ့လို့မဖြစ်တာက သူတို့က အခုဆိုရင် အသင်းကြီးတစ်သင်း ဖြစ်နေပြီ။ ချန်ပီယံလိဂ်သာ ဝင်ခွင့်ရခဲ့ရင် ဘယ်ကစားသမားအတွက်မဆို ဆွဲဆောင်မှုရှိတဲ့ ပရောဂျက်တစ်ခု ဖြစ်လာလိမ့်မယ်။ အီဆက်ကတော့ နောက်ရာသီ ချန်ပီယံလိဂ်မှာ သေချာပေါက် ပါဝင်ကစားချင်မှာဖြစ်ပြီး ဒါက သူ့ဆုံးဖြတ်ချက်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်။ တကယ်လို့ သူ နယူးကာဆယ်ကနေ ထွက်ခဲ့မယ်ဆိုရင် အာဆင်နယ်က သူ့အတွက် ဖြစ်နိုင်ခြေအရှိဆုံး အကောင်းဆုံး ပြောင်းရွှေ့မှုလို့ ကျွန်တော်ထင်တယ်။ ဂန်းနားတွေသာ သူ့ကို ရလိုက်မယ်ဆိုရင် အမှတ်ပေးလိဂ်ဖလားကို (၁၀)မှတ်အသာနဲ့ ဆွတ်ခူးနိုင်လိမ့်မယ်။” လို့ ဆိုပါတယ်။
ဒါပေမယ့် အီဆတ်ကိုယ်တိုင်ကတော့ စိန့်ဂျိမ်းစ်ပါ့ခ်ကနေ ထွက်ခွာချင်တဲ့ ဆန္ဒကို ပြသထားခြင်း မရှိသေးပါဘူး။ နယူးကာဆယ်အသင်းကလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှူးကို ဆက်လက်ထိန်းသိမ်းထားဖို့ အသည်းအသန် ကြိုးစားနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက ဒါက ပိုပြီး လွယ်ကူသွားပါလိမ့်မယ်။ တကယ်လို့ အာဆင်နယ်က ဒီအသက်(၂၅)နှစ်အရွယ် တိုက်စစ်မှူးကို တကယ် ခေါ်ယူချင်တယ်ဆိုရင်တော့ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ပေးချေရဖွယ် ရှိနေပါတယ်။