မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်းကြီး ပေါလ် စခိုးလ်စ်က ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ကစာသမား မားတီယပ်စ် ကူညာကို ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဒီနွေရာသီ ယူနိုက်တက်ဆီကို မပြောင်းရွှေ့ဖို့ သတိပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဝုလ်ဗ်အသင်းကနေ ကူညာကို နွေရာသီမှာ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဘရာဇီးလ် တိုက်စစ်ကစားသမားဟာ ဒီရာသီ ပရီးမီးယားလိဂ် (၂၉)ပွဲကစား (၁၅)ဂိုး သွင်းယူထားပြီး သူ့စာချုပ်မှာ ပေါင်(၆၂.၅)သန်း တန်ဖိုးရှိတဲ့ စာချုပ်ဖျက်သိမ်းခွင့် သဘောတူညီချက် ပါဝင်ပါတယ်။ ဒီအချက်ကြောင့် ကလပ်အများအပြားက စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့လို အသင်းတွေရဲ့ စိတ်ဝင်စားမှုနဲ့ အပြိုင်ဖြစ်နေပါတယ်။

Photo Credit : Goal

ကူညာ ကိုယ်တိုင်ကလည်း သူ့ကို ကလပ်အသင်းတွေက စိတ်ဝင်စားနေချိန်မှာ ဒီနွေရာသီ ဝုလ်ဗ်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားကြောင်း အတည်ပြုထားပါတယ်။ ဒါပေမယ့် စခိုးလ်စ်ကတော့ ကူညာအနေနဲ့ ယူနိုက်တက်ထက် ပိုကောင်းတဲ့ ကလပ်တစ်ခုကို ရွေးချယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ရူဘင် အမော်ရင် လက်အောက်မှာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ (၅)ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ အခြားတစ်ဖက်မှာ ဝုလ်ဗ်အသင်းကတော့ နောက်ဆုံး (၅)ပွဲလုံး အနိုင်ရထားပြီး အမှတ်ပေးဇယားထဲ ယူနိုက်တက်အထက်မှာ ရပ်တည်နေပါတယ်။

စခိုးလ်စ်က သူ့ရဲ့ TNT Sports ကလောင်ကဏ္ဍမှာ “ကူညာမှာ မှာ ရူဘင် အမော်ရင် လိုချင်တဲ့ အရည်အသွေးတွေ ရှိပုံရတယ်။ အမော်ရင်က သူ့အသင်းရဲ့ ကာယပိုင်း ကြံ့ခိုင်မှု အမြန်နှုန်းတွေ မလုံလောက်ဘူးဆိုတာ သိတယ်။ မားတီယပ်စ် ကူညာကတော့ အားကစားသမား ပီသတယ်။ ဒီရာသီ လိဂ်ဂိုး (၁၅)ဂိုး သွင်းထားတာနဲ့ သူ့အရည်အသွေးကို ပြနေတယ်။ ကျွန်တော်ကတော့ အခုချိန် မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာမယ့် ဘယ်ကစားသမားအတွက်မဆို စိုးရိမ်မိတယ်။ အဲ့ဒါက သွားဖို့ သိပ်ဆိုးတဲ့ နေရာတစ်ခုလို ခံစားနေရလို့ပဲ။”

Photo Credit : TNT Sports

“လက်ရှိ ကစားပုံ အရည်အသွေးက အရမ်းညံ့ဖျင်းနေတယ်။ ကူညာနဲ့ ပတ်သက်လို့လည်း သူက ဗဟိုတိုက်စစ်မှူးစစ်စစ်လား ဒါမှမဟုတ် တောင်ပံထွက်ကစားတဲ့သူလား ဆိုတာလည်း ရှိသေးတယ်။ သူ့မှာ အရည်အသွေးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူ့ကို ခေါ်နိုင်ရင် ကောင်းမှာပေါ့လေ။ ဒါပေမယ့် သူ ဘယ်နေရာမှာ အံဝင်ခွင်ကျ ဖြစ်မလဲဆိုတာ ကျွန်တော် စိုးရိမ်တယ်။ ခင်ဗျား ကမ္ဘာ့အကောင်းဆုံး ကစားသမား (၃)ယောက်ကို ခေါ်လိုက်ဦး အခုချိန် ဒီအသင်းထဲ ရောက်လာရင် သူတို့ ရုန်းကန်ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့်လည်း တစ်နေရာရာကတော့ စတင်ရမှာပဲပေါ့။” လို့ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ လာမယ့် သောကြာနေ့မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမှာ ကူညာအနေနဲ့ အကောင်းဆုံး ခြေစွမ်းပြပြီး အထင်ကြီးအောင် ကစားပြဖို့ သေချာပေါက် ကြိုးစားပါလိမ့်မယ်။