မာဆေးလ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ဟာ ဘရက်စ်အသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပြီးနောက် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဒီဒီယာ ဒရော့ဘာရဲ့ ပွဲဦးထွက်ရာသီ စံချိန်တစ်ခုကို လိုက်မီနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာ ယူနိုက်တက်ကနေ ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပါတယ်။ အသက်(၂၃)နှစ်အရွယ် ဒီကစားသမားဟာ ဒီရာသီမှာ မာဆေးလ်အသင်းအတွက် တောက်ပလျက်ရှိပြီး နည်းပြ ရောဘတ်တို ဒီဇာဘီနဲ့ အဆင်မပြေဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ပြင်သစ်ကလပ်အတွက် ခြေစွမ်းကောင်းတွေ ဆက်လက် ပြသနေဆဲဖြစ်ပါတယ်။

Photo Credit : Goal

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ပွဲမှာ ဂရင်းဝုဒ်ဟာ ဒီရာသီ လီဂူးဝမ်း ပြိုင်ပွဲရဲ့ သူ့အတွက် (၁၉)ဂိုးမြောက် သွင်းဂိုးကို ရယူခဲ့သလို အသင်းဖော် အမင်း ဂူရီရဲ့ အံ့မခန်းလှပခဲ့တဲ့ bicycleကန်ချက် သွင်းဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ အဲဒီပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဂူရီက ပွဲရဲ့ အဓိကကြယ်ပွင့် ဖြစ်ခဲ့ပေမယ့် မာဆေးလ်ကစားသမားဘဝ ပထမဆုံးရာသီမှာ လိဂ်ဂိုး(၁၉)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဒရော့ဘာရဲ့ စံချိန်ကို လိုက်မီခဲ့တဲ့အတွက် ဂရင်းဝုဒ်အတွက်လည်း အမှတ်တရ ညတစ်ည ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ မာဆေးလ်အသင်းအတွက် ကစားသမားတစ်ဦးရဲ့ ပွဲဦးထွက်ရာသီအတွင်း လိဂ်သွင်းဂိုးအများဆုံး စံချိန်ကိုတော့ ဆွမ်ဆီးတိုက်စစ်မှူးဟောင်း ဘာဖီတင်ဘီ ဂိုမစ်က ပိုင်ဆိုင်ထားပါတယ်။ သူဟာ ၂၀၁၆-၁၇ ရာသီက မာဆေးလ်မှာ အငှားလာကစားခဲ့စဉ်အတွင်း လိဂ်ဂိုး(၂၀)အထိ သွင်းယူပြခဲ့တာပါ။

Photo Credit : beIN SPORTS

ဒါကြောင့် ဂရင်းဝုဒ်ဟာ ဂိုမစ်ရဲ့ စံချိန်ကို လိုက်မီဖို့အတွက် နောက်ထပ် တစ်ဂိုးသာ လိုအပ်တော့မှာ ဖြစ်ပြီး မာဆေးလ် ကစားသမားတစ်ဦးရဲ့ ပွဲဦးထွက်ရာသီ လိဂ်သွင်းဂိုးအများဆုံး စံချိန်သစ်တင်ဖို့အတွက်ဆိုရင်တော့ နောက်ထပ် နှစ်ဂိုး လိုအပ်နေပါတယ်။

ဒါပေမယ့် ရာသီကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာကြောင့် ဒီစံချိန်တွေကို မှီဖို့ ဒါမှမဟုတ် ကျော်ဖြတ်ဖို့အတွက် ဂရင်းဝုဒ်မှာ ကစားဖို့ လိဂ်ပွဲစဉ်(၃)ပွဲသာ အချိန်ကျန်ရှိတော့တာ ဖြစ်တာမို့ ဒီ(၃)ပွဲအတွင်းမှာ လုပ်ဆောင်ပြသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။