မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ် အီဗရာက သူဟာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး (MMA) လောကထဲကို ဝင်ရောက်တော့မှာဖြစ်ကြောင်း ကြေညာလိုက်ပြီး သူ့ရဲ့ရန်ဘက်ဟောင်း လူးဝစ် ဆွာရက်ဇ်ကို ထိုးသတ်ချင်တယ်လို့ စိန်ခေါ်ပြောဆိုလိုက်ပါတယ်။ ဒီစိန်ခေါ်မှုမှာ အီဗရာက ဆွာရက်ဇ်အနေနဲ့ သူ့ကို ကိုက်ချင်ရင်တောင် ကိုက်နိုင်တယ်လို့ အရွှန်းဖောက် ပြောခဲ့ပြီး ဒီပွဲဖြစ်မြောက်ဖို့ သူကိုယ်တိုင် အကုန်အကျခံမယ်လို့ ဆိုခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ နာမည်ကျော် လူမျိုးရေးခွဲခြားမှု အရှုပ်တော်ပုံကနေ အစပြုခဲ့တဲ့ ရန်ငြိုးဟောင်းဟာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ယူနိုက်တက် ညာနောက်ခံကစားသမား အီဗရာကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က သူ့ကို ပေါင်(၄၀၀၀၀) ဒဏ်ရိုက်ပြီး (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးနောက်ပိုင်း လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ ပြန်လည် တွေ့ဆုံတဲ့ပွဲမှာ ပွဲမစမီ လက်ဆွဲနှုတ်ဆက်ဖို့ ဆွာရက်ဇ်က ငြင်းဆန်ခဲ့တာကြောင့် သူတို့နှစ်ဦးကြားက တင်းမာမှုဟာ ပိုမိုအရှိန်မြင့်တက်ခဲ့ပါတယ်။ နောက်ပိုင်းရာသီတစ်ခုမှာ ယူနိုက်တက်က လီဗာပူးလ်ကို အနိုင်ရခဲ့ချိန်မှာတော့ အီဗရာက ဆွာရက်ဇ်ရဲ့ရှေ့မှာ သွားရောက် အောင်ပွဲခံပြခဲ့ပါသေးတယ်။
Photo Credit : The New York Times
အီဗရာဟာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီးနောက် ဘောလုံးပွဲ သုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့ပေမယ့် သိပ်အံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။ အခုတော့ သူဟာ ပရော်ဖက်ရှင်နယ် ဖိုက်တာလိဂ် (PFL) နဲ့အတူ MMA ပွဲဦးထွက် ထိုးသတ်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး သူ့ရဲ့ပြိုင်ဘက်အဖြစ် ဆွာရက်ဇ်ကို ရွေးချယ်ခဲ့တာပါ။ ပြင်သစ်လက်ရွေးစင်ဟောင်း အီဗရာက ဆွာရက်ဇ်အနေနဲ့ သူ့ကို ကိုက်ချင်လည်း ကိုက်နိုင်တယ်လို့ ပြောခဲ့တာဟာ ဆွာရက်ဇ်ရဲ့ ပြိုင်ဘက် ကစားသမားကို ကိုက်ခဲ့တဲ့ အပြုအမှုကို ပြန်လည် ရည်ညွှန်းပြီး ခနဲ့လိုက်တာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာ X မှာ အီဗရာက “ကျွန်တော် PFL Europe နဲ့ ပထမဆုံးပွဲအတွက် တရားဝင် လေ့ကျင့်နေပါပြီ။ ပြိုင်ဘက်ကိုတော့ သူတို့ ရွေးပေးပါလိမ့်မယ်။ ဘယ်သူနဲ့ ထိုးချင်လဲ မေးတော့ ကျွန်တော်က လူးဝစ် ဆွာရက်ဇ်နဲ့လို့ ပြောလိုက်တယ်။ ကျွန်တော် ကိုယ့်စရိတ်နဲ့ကိုယ် အကုန်ကျခံမယ်။ သူ ကျွန်တော့်ကို ကိုက်ချင်လည်း ကိုက်လို့ရတယ်” လို့ ရေးသားခဲ့ပါတယ်။
Photo Credit : Goal
ဒါ့အပြင် PFL Europe နဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ အီဗရာက ပဲရစ်မြို့မှာ ထိုးသတ်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး “ကျွန်တော် ဒီကစားနည်းကိုလည်း ချစ်တယ်ဆိုတာ ခင်ဗျားတို့ သိလောက်ပါပြီ။ ကမ္ဘာ့အကြီးဆုံး စင်မြင့်တွေမှာ ကျွန်တော် ကစားခဲ့ပြီးပြီ။ အဓိက ဆုဖလားအားလုံးလည်း ရဖူးပြီ။ PFL Europe ပဲရစ်ပွဲကတော့ ကျွန်တော့်အတွက် အရမ်းထူးခြားတဲ့ည ဖြစ်လာမှာပါ။ ကမ္ဘာ့အကောင်းဆုံးတွေနဲ့အတူ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ကျွန်တော် အဆင်သင့်ဖြစ်နေပြီလို့ သူတို့လည်း ပြောကြပါလိမ့်မယ်။ မေလ(၂၃)ရက်နေ့ အကော အရီနာမှာ ကျွန်တော် ပွဲကောင်းတစ်ပွဲ ပြမှာမို့ လာကြည့်ကြပါ။” လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။
အီဗရာဘက်က ဘယ်လိုပဲ စိန်ခေါ်နေပါစေ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ဟာ လက်ရှိအချိန်မှာ အမေရိကန်ကလပ် အင်တာ မိုင်ယာမီအသင်းနဲ့အတူ ဘောလုံး ဆက်ကစားနေဆဲဖြစ်ပြီး ကစားသမားဘဝ ကုန်ဆုံးခါနီး အချိန်ကို ရောက်နေပြီဖြစ်တာကြောင့် MMA ကြိုးဝိုင်းထဲမှာ အီဗရာနဲ့ ထိုးသတ်ဖို့ လက်ဝှေ့လက်အိတ်တွေ ဝတ်ဆင်လာမယ့် အလားအလာကတော့ အလွန်နည်းပါးတယ်လို့ သုံးသပ်ရပါတယ်။