မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနည်းပြ ရူဘင် အမော်ရင်ရဲ့ လူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်ခင် အာဆင်နယ်အသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမားတစ်ဦးကို ကြားဖြတ် ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
စပိန်သတင်းတွေအရ ယူနိုက်တက်ဟာ အက်စ်ပန်ညိုအသင်းရဲ့ ဂိုးသမား ဂျိုအန် ဂါစီယာကို အိုးထရက်ဖို့ဒ်ကွင်းဆီ ခေါ်ယူဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။ ဂါစီယာဟာ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ နွေရာသီတုန်းက (၂)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် အက်စ်ပန်ညိုက ပယ်ချခဲ့ပါတယ်။ လာမယ့် အပြောင်းအရွှေ့ကာလမှာတော့ အာဆင်နယ်အပြင် ရီးရဲလ် မက်ဒရစ် အသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo Credit : The Sun
ယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အန်ဒရေ အိုနာနာကို စိန်ခေါ် ယှဉ်ပြိုင်နိုင်မယ့်သူ ဒါမှမဟုတ် အစားထိုးနိုင်မယ့်သူတစ်ဦးကို ရှာဖွေနေတာ ဖြစ်နိုင်ပါတယ်။ အသင်းရဲ့ အရန်ဂိုးသမား အယ်လ်တေး ဘာယင်ဒါကို ဒီနွေရာသီမှာ ရောင်းချဖို့ အလားအလာများနေပြီး ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်ကလည်း အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် ဂိုးသမားနေရာ အင်အားဖြည့်တင်းဖို့ လိုအပ်လာခဲ့ပါတယ်။
ဒါပေမယ့် ဂါစီယာကို ခေါ်ယူဖို့ ထိပ်သီးအသင်းတွေကပါ စိတ်ဝင်စားနေတာဖြစ်လို့ ယူနိုက်တက်အတွက် လမ်းဖြောင့်နေမှာတော့ မဟုတ်ပါဘူး။ အက်စ်ပန်ညိုအတွက် လာလီဂါမှာ ပွဲစဉ်တိုင်း ပွဲချိန်ပြည့်ကစားပေးထားပြီး ပေးဂိုးမရှိပွဲ (၇) ပွဲအထိ ရရှိအောင် စွမ်းဆောင်ထားတဲ့ ဒီဂိုးသမားရဲ့ စာချုပ်ပါ အနည်းဆုံး ပြောင်းရွှေ့ကြေး (Release Clause) ဟာ ယူရို(၂၅)သန်း (ပေါင် ၂၀.၈ သန်း) ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံး ၁၅ ရက်မှာတော့ ဒီပမာဏဟာ ယူရိုသန်း(၃၀) (ပေါင် ၂၅ သန်း) အထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။
Photo Credit : Football365
အက်စ်ပန်ညိုအသင်းရဲ့ အားကစားဒါရိုက်တာ ဖရန် ဂါရာဂါဇာကတော့ ဂါစီယာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သိပ်စိုးရိမ်ပုံမပြပါဘူး။ “သတင်းတွေကတော့ ဆူညံနေတာပဲ။ ဒါပေမယ့် တကယ်တမ်း ဘာမှဖြစ်မလာသေးဘူး။ အရင် နွေရာသီတုန်းကလို ခိုင်မာတဲ့ လှုပ်ရှားမှုမျိုးလည်း မရှိသေးဘူး။ သူက ထိပ်တန်းအဆင့် ဂိုးသမားဆိုတော့ ချိတ်ဆက်မှုတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ပါပဲ။ အရေးကြီးဆုံးက ကစားသမားကိုယ်တိုင်က အရမ်း တည်ငြိမ်နေတာပဲ။” လို့ သူက ပြောပါတယ်။
ဂါစီယာ ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့လက သူ့အနာဂတ်နဲ့ ပတ်သက်ပြီး “လူတိုင်းက ကိုယ့်ကို ချီးကျူးတာ လက်ရွေးစင်အသင်းအတွက် အရွေးခံရဖို့ ပြောဆိုခံရတာမျိုးကို ကြိုက်ကြတာပါပဲ။ ဒါပေမယ့် ကျွန်တော်က ဒါကို ဆုလာဘ်တစ်ခုလိုပဲ သဘောထားတယ်။ ကျွန်တော်ကတော့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပြီး အက်စ်ပန်ညိုနဲ့အတူ ရည်မှန်းချက်တွေ အောင်မြင်ဖို့ပဲ ကြိုးစားနေပါတယ်။ အဲ့ဒီနောက် ကောင်းတဲ့အရာတွေ ရောက်လာရင်တော့ ကြိုဆိုရမှာပေါ့” လို့ ပြောဆိုထားပါတယ်။