ရီးယဲလ် မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဂီတာဖေးအသင်းကို လာလီဂါပွဲစဉ်မှာ (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ဒေးဗစ် အလာဘာနဲ့ ကွင်းလယ်လူ အက်ဒူရာဒို ကာမာဗင်ဂါတို့ဟာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေပါတယ်။

ဂီတာဖေးနဲ့ ပွဲစဉ်မှာ တူရကီ ကွင်းလယ်လူ အာဒါ ဂူလာရဲ့ ပထမပိုင်းသွင်းဂိုးက ရီးယဲလ်အတွက် အနိုင်သုံးမှတ်ရစေခဲ့ပြီး လာလီဂါဖလား မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့ပေမယ့် အဆိုပါ အနိုင်ရလဒ်အတွက် အဖိုးအခ ပေးဆပ်ခဲ့ရပြီး နည်းပြ ကားလို့ အန်ဆယ်လော့တီဟာ လာမယ့် စနေနေ့မှာ ပြိုင်ဘက် ဘာစီလိုနာနဲ့ ကစားရမယ့် ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲမတိုင်မီ အဓိက ကစားသမားတွေဖြစ်တဲ့ ကီလီယန် အမ်ဘာပေနဲ့ ဖာလန် မန်ဒီတို့ကိုလည်း အသုံးပြုနိုင်မှာ မဟုတ်သေးပါဘူး။

Photo Credit : Goal

“မနက်ဖြန်ကျမှ ဆေးစစ်ချက်တွေ ဘာပြောမလဲဆိုတာ ကြည့်ရပါမယ်။ ဒါပေမဲ့ အလာဘာနဲ့ ကာမာဗင်ဂါ နှစ်ယောက်စလုံးက ခြေထောက် ကြွက်သားဒဏ်ရာတွေ ရထားပြီး စနေနေ့ ဗိုလ်လုပွဲအတွက် အချိန်မီဖို့က မဖြစ်နိုင်သလောက်ပါပဲ။” လို့ အန်ဆယ်လော့တီက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်ဒီ အလာဘာနဲ့ ကာမာဗင်ဂါတို့ သုံးဦးစလုံး မပါဝင်နိုင်ဖွယ်ရှိနေတာကြောင့် အန်ဆယ်လော့တီဟာ ဘယ်အစွန် နောက်ခံလူနေရာအတွက် ဖရန် ဂါစီယာကို အားထားရဖွယ် ရှိနေပြီး သူဟာ ဘာစီလိုနာရဲ့ အသက်(၁၇)နှစ်အရွယ် ဆယ်ကျော်သက် ကြယ်ပွင့်လေး လာမင်း ယမားလ်ကို တားဆီးဖို့ တာဝန်ယူရဖွယ် ရှိနေပါတယ်။

Photo Credit : Marca

လာမယ့်အပတ် အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ကစားရဖို့ ရှိနေပြီး ဖလားသုံးလုံးရဖို့ မျှော်လင့်နေတဲ့ ဘာစီလိုနာကတော့ လာလီဂါ အမှတ်ပေးဇယားထိပ်မှာ ရီးယဲလ်ကို (၄)မှတ်ဖြတ်ပြီး ရမှတ် (၇၆)မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ဒီရာသီမှာ ရီးယဲလ်ကို ထင်ထင်ရှားရှား အနိုင်ယူထားတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ အောက်တိုဘာလက လာလီဂါပွဲစဉ်မှာ ဆန်တီယာဂို ဘာနာဗျူးမှာ (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ဇန်နဝါရီလက ဆော်ဒီအာရေဗျမှာ ကစားခဲ့တဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲမှာလည်း (၅)ဂိုး (၂)ဂိုးနဲ့ အနိုင်ရထားပါတယ်။

“အကြိုက်တွေ့သူ ရှိကောင်းရှိနိုင်ပေမယ့် ဗိုလ်လုပွဲက ဗိုလ်လုပွဲပါပဲ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ခံစစ်ကို ကောင်းကောင်း ကာကွယ်ရပါမယ်။ ဒါပေမဲ့ ရှေ့တန်းမှာလည်း အခွင့်အရေးတွေ ရှိမှာပါ။ ဒီနေ့ပွဲ အနိုင်ရတာက ကောင်းမွန်တဲ့ တွန်းအားတစ်ခုပါပဲ။ ပထမပိုင်းက ကောင်းခဲ့ပေမယ့် အဆုံးပိုင်းမှာ ပိုခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။” လို့ အန်ဆယ်လော့တီက ပြောပါတယ်။