မန်ချက်စတာ စီးတီး နည်းပြကြီး ပက်ပ် ဂွါဒီယိုလာဟာ ဇနီးဖြစ်သူ ခရစ္စတီးနား ဆယ်ရာနဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းများ ထွက်ပေါ်နေပြီး သူတို့နှစ်ဦး အစောပိုင်းက လမ်းခွဲခဲ့ရတဲ့ အံ့အားသင့်စရာ အကြောင်းရင်း တစ်ခုလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂွါဒီယိုလာဟာ နှစ်ပေါင်း(၃၀)ကျော် လက်တွဲလာခဲ့တဲ့ သူ့ရဲ့ ကြင်ဖော်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အံ့အားသင့်စရာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးတဲ့နောက်မှာ နှစ်ဦးစလုံးဟာ သူတို့ရဲ့ လက်ထပ်လက်စွပ်တွေကို ချွတ်ထားခြင်း မရှိတာကို တွေ့ရပါတယ်။ အခုအခါမှာတော့ ဂွါဒီယိုလာနဲ့ ဆယ်ရာတို့ဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဒုတိယအခွင့်အရေးတစ်ခု ပေးဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ EN Blau VIP သတင်းဌာနရဲ့ ဖော်ပြချက်အရ ပျက်စီးယိုယွင်းလုနီးပါး ဖြစ်နေတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။
Photo Credit : Pulse Sports Nigeria
ဂွါဒီယိုလာဟာ သူ့မှာ အဆင်သင့်ရှိနေတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို အသုံးပြုပြီး စပိန်နိုင်ငံ ကာတာလိုးနီးယားဒေသရှိ သူ့ရဲ့ မိသားစုအိမ်မှာ အချိန်ပိုပေးပြီး နေထိုင်ဖို့ ကတိပြုထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် အရင်လို တစ်ယောက်နဲ့တစ်ယောက် မတွေ့ရဘဲ အချိန်အကြာကြီး ဝေးကွာနေတာမျိုးကို ရှောင်ရှားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇနီးဖြစ်သူ ဆယ်ရာဘက်ကလည်း ဂွါဒီယိုလာက သူ့ကို အသိမပေးဘဲ လျှို့ဝှက်ပြီး မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ကိစ္စအတွက် ခွင့်လွှတ်ဖို့ ပြင်ဆင်နေပုံ ရပါတယ်။ မူလက အသက်(၅၄)နှစ်အရွယ် ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ (၁၂)လကြာ အလုပ်ကနေ အနားယူတာ ဒါမှမဟုတ် အားလပ်ချိန် ပိုရနိုင်မယ့် နိုင်ငံတကာ အသင်းတစ်သင်းရဲ့ နည်းပြရာထူးကို လက်ခံတာမျိုး လုပ်လိမ့်မယ်လို့ ဇနီးဖြစ်သူက မျှော်လင့်ထားခဲ့ပုံ ရပါတယ်။
Photo Credit : Goal
မာရီယာ လာပီဒရာဆိုသူက EN Blau VIP သတင်းဌာနကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။”ပက်ပ် ဂွါဒီယိုလာ နဲ့ ခရစ္စတီးနား ဆယ်ရာ တို့ဟာ သူတို့ရဲ့ လက်ထပ်လက်စွပ်တွေကို ဝတ်ဆင်ထားဆဲပါ။ သူတို့ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားနေကြပါတယ်။ ဒီနှစ် အီစတာ ပိတ်ရက်တုန်းက ပက်ပ်က သူမရဲ့ အိမ်ကို သုံးရက်တာ လာလည်ခဲ့ပြီး အဲ့ဒီမှာပဲ ညအိပ်ခဲ့ပါတယ်။ သူက မန်ချက်စတာမှာ အလုပ်လုပ်ရင်းနဲ့ တစ်ပတ်တစ်ခါ ကိုယ်ပိုင်လေယာဉ်နဲ့ ဘာစီလိုနာက သူမဆီ လာတွေ့မယ်။ ပြီးရင် မန်ချက်စတာကို ပြန်သွားမယ်လို့ ပြောနေပါတယ်။ ခရစ္စတီးနားကို အသိမပေးဘဲ လျှို့ဝှက်ပြီး စာချုပ်သက်တမ်းတိုးခဲ့လို့ သူမက လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ပက်ပ်က သူမနဲ့ အတူ ပြန်ပေါင်းဖက်ချင်နေပါတယ်။” လို့ သူက ဆက်လက် ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးကို ကိုင်တွယ်နေတဲ့ ဂွာဒီယိုလာဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သစ်မှာ သက်တမ်း (၂)နှစ် ကျန်ရှိနေပါသေးတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံဆုရှင် နည်းပြကြီးဟာ သူ့ရဲ့ အလုပ်တာဝန်တွေနဲ့ မိသားစုဘဝ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေ နှစ်ခုလုံးကို ဟန်ချက်ညီညီ အပြည့်အဝ အာရုံစိုက် ဆောင်ရွက်နိုင်ဖို့အတွက် အပေးအယူ ညှိနှိုင်းမှုတွေ နှစ်ဦးနှစ်ဖက် သဘောတူညီမှုတွေ ရရှိနေပုံ ရတယ်လို့ သတင်းများက ဆိုပါတယ်။