မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမား ကီဗင် ဒီဘရိုင်းဟာ မကြာခင်မှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး အဲ့ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်က အက်စတွန် ဗီလာအသင်းလည်း ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗီလာအသင်းဟာ ဒီနွေရာသီမှာ ကလပ်အသင်းလက်မဲ့ ဖြစ်လာတော့မယ့် အသက်(၃၃)နှစ်အရွယ် ဘယ်လ်ဂျီယံ ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းကို ခေါ်ယူရေးနဲ့ ပတ်သက်ပြီး အသင်းအတွင်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ဒါ့အပြင် ဒီဘရိုင်းကို အမေရိကန် မေဂျာလိဂ်ကလပ်တွေဖြစ်တဲ့ အင်တာ မိုင်ယာမီ၊ ချီကာဂို ဖိုင်းယား၊ ဒီစီ ယူနိုက်တက်၊ နယူးယောက် စီးတီးFC တို့အပြင် အီတလီကလပ် ကိုမိုအသင်းတို့ကလည်း စိတ်ဝင်စားနေပြီး အခြေအနေတွေကို စောင့်ကြည့်နေကြတယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

မန်စီးတီးအသင်းမှာ (၁၀)နှစ်နီးပါးကြာ ကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ်လို့ ဒီဘရိုင်းက ကြေညာလိုက်ချိန်မှာ ဘောလုံးပရိသတ်အများအပြား အံ့အားသင့်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဟာလည်း ဒီဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားရဲ့ စာချုပ်ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : French Football Weekly

ဒီဘရိုင်းဟာ မန်စီးတီး ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ်ဖလား (၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား(၁၆)လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်မြင်မှုကြီးမားတဲ့ ကစားသမားတစ်ဦး ဖြစ်သလို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် Treble Champions ဆုနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၄)ရာသီဆက် အမှတ်ပေးချန်ပီယံတို့ကို ရယူနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ ဒီဘရိုင်းဟာ မန်စီးတီးက ထွက်ခွာပြီး စီးတီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် ဗီလာအသင်းဆီကိုပဲ ပြောင်းရွှေ့မလား ဒါမှမဟုတ် မေဂျာလိဂ်နဲ့ ဆော်ဒီလိဂ်က ကလပ်အသင်း တစ်သင်းသင်းဆီကိုပဲ ရွေးချယ်သွားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။