ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ်က အာဆင်နယ်အသင်းရဲ့ အလွတ်တည်ကန်ချက် (Set-piece) များမှ တဆင့် ခြိမ်းခြောက်နိုင်စွမ်းကို အလေးထားဟန် မပြဘဲ လီဗာပူးလ်အသင်းနဲ့ နှိုင်းယှဉ် ပြောကြားလိုက်ပြီး အာဆင်နယ်ရဲ့ အလွတ်တည်ကန်ချက် နည်းလမ်းများအတွက် အချိန်ပိုပေး ပြင်ဆင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ တက်ရောက်ခွင့်အတွက် လာမယ့်အပတ်မှာ အာဆင်နယ်ရဲ့ အမ်းမရိတ်စ် ကွင်းသို့ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြင်သစ် လီဂူးချန်ပီယံ ပီအက်စ်ဂျီဟာ ဒီရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အင်္ဂလန်ကလပ်များဖြစ်တဲ့ အက်စတွန် ဗီလာနဲ့ လီဗာပူးလ် တို့ကို ဆက်တိုက် ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ အာဆင်နယ်နဲ့လည်း အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ကြပြီး အဲ့ဒီပွဲစဉ်မှာတော့ အာဆင်နယ်က (၂)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
Photo Credit : SPORTbible
အဲ့ဒီညက ကိုင် ဟာဗက်ဇ်နဲ့ ဘူကာယို ဆာကာ တို့ရဲ့ သွင်းဂိုးတွေက ပွဲရဲ့ အဖြေကို အဆုံးအဖြတ် ပေးခဲ့တာဖြစ်ပြီး ဆာကာရဲ့ သွင်းဂိုးကတော့ ဖရီးကစ် ကန်ချက်ကနေ လူတွေ အများကြီးကို ကွေ့ဝိုက် ကျော်ဖြတ်ပြီး ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို ကျော်ကာ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်းနရစ်ကတော့ ဒါကို စိုးရိမ်စရာ အကြောင်းလို့ မမြင်ဘဲ သူက လီဗာပူးလ်လို အသင်းမျိုးကလည်း ဘောလုံးသေ ကန်တင်ဘောတွေကနေ အလားတူ ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ရဲ့ အလွတ်တည်ကန်ချက် ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အင်းနရစ်က “ကျွန်တော်တို့ လီဗာပူးလ်နဲ့ ပွဲတုန်းက ပြင်ဆင်ခဲ့သလိုပဲ ပြင်ဆင်သွားမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။
Photo Credit : Sky Sports
“လီဗာပူးလ်ဆိုတာ အာဆင်နယ်လောက် အနည်းဆုံး အလားအလာရှိတဲ့ အသင်းပါ။ ပိုတောင် ရှိနိုင်ပါသေးတယ်။ အက်စတွန် ဗီလာကလည်း ဒီနေရာမှာ အလားအလာ ကောင်းခဲ့သလို လီဂူးဝမ်းက အသင်း အများစုလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ အသင်းကို ဒီကစားကွက် အပိုင်းအပေါ် အခြေခံပြီး အထူးတလည် ပြင်ဆင်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နေရာတိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိရမယ် ဆိုတာကတော့ သိသာပါတယ်။” လို့ အင်းနရစ်က ဆက်ပြောပါတယ်။
ဒါပေမယ့် အင်းနရစ်ရဲ့ လီဗာပူးလ် အသင်းရဲ့ အလွတ်တည်ကန်ချက်အပေါ် ယုံကြည်မှုကတော့ နေရာ လွဲချော်နေနိုင်ပါတယ်။ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်လုနီးပါး ခြေစွမ်းပြနေပေမယ့် အလွတ်တည်ကန်ချက်ကနေ ဂိုးသွင်းယူတဲ့ နေရာမှာတော့ ထူးချွန်တဲ့ စံနမူနာ မဟုတ်ခဲ့ပါဘူး။ WhoScored ရဲ့ စာရင်းအင်းတွေအရ လီဗာပူးလ်ဟာ ၂၀၂၄-၂၀၂၅ ရာသီ တလျှောက်လုံး အလွတ်တည်ကန်ချက်ကနေ (၆)ကြိမ်သာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ (၁၃)ကြိမ်အထိ သွင်းယူထားပါတယ်။