ရီးယဲလ် မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေ တစ်ယောက် ပွဲပယ်ပြစ်ဒဏ်ကြောင့် ရီးယဲလ်နဲ့ ဘီလ်ဘာအိုအသင်းတို့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်ကို ပါဝင်ကစားခွင့် မရဘဲ ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့ရာမှာ ရီးရဲလ်အသင်း ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

တနင်္ဂနွေနေ့က ဆန်တီယာဂို ဘာနေဗျူး ကွင်းကြီးမှာ ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ပွဲစဉ်အတွင်း ကွင်းထဲက Screen ကြီးပေါ် ဘာပေရဲ့ ပုံရိပ်ကို ပြသခဲ့ချိန်မှာ ပရိသတ်တွေက လေချွန်သံတွေနဲ့အတူ ဝိုင်းဝန်း အော်ဟစ်ခဲ့ကြတာပါ။ ဒီအဖြစ်အပျက်ဟာ မက်ဒရစ်အသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ရက်ပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Tribuna

ဘာပေဟာ ပြီးခဲ့တဲ့ အလာဗတ်စ်နဲ့ ပွဲစဉ်မှာ အနီကတ် ပြသခံခဲ့ရတာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး အခု ဘီလ်အာဘိုပွဲကို လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘာပေက ဒီရာသီ လာလီဂါမှာ (၂၂)ဂိုးအထိ သွင်းယူပေးထားတဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦး ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အခုလို လှောင်ပြောင်မှုဟာ အကြောင်းအရင်း ရှိနိုင်ပါတယ်။ အဓိကအားဖြင့်တော့ ချန်ပီယံလိဂ်မှာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် နှစ်ကျော့လုံးမှာ အမ်ဘာပေရဲ့ ခြေစွမ်း ပျောက်ဆုံးခဲ့မှုကြောင့်လို့ သုံးသပ်ရပါတယ်။

ဘာပေဟာ ဒီလို အရေးကြီး ပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သလို အသင်းအတွက် အဓိကကျတဲ့ သက်ရောက်မှုမျိုး မပေးနိုင်ခဲ့တာကြောင့် မက်ဒရစ်အသင်း ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ဒါကြောင့် ပရိသတ်တွေက သူ့အပေါ် အားမလို အားမရ ဖြစ်နေကြတာ ဖြစ်နိုင်ပါတယ်။

Photo Credit : Goal

ပွဲပယ်ပြစ်ဒဏ်အပြင် အမ်ဘာပေဟာ လက်ရှိမှာ ခြေကျင်းဝတ် ဒဏ်ရာကိုလည်း ကုသမှု ခံယူနေရပါတယ်။ ဒါကြောင့် လာမယ့်အပတ်မှာ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကိုပါဒယ်လ်ရေး ဖလား ဗိုလ်လုပွဲကို အမီ ကြံ့ခိုင်မှု ပြည့်ဝဖို့ အချိန်မီ ပြန်လည် ပြင်ဆင်နေရပါတယ်။

ရီးရဲလ်အသင်းဟာ ဒီရာသီမှာ ဥရောပ စူပါဖလားနဲ့ ဖီဖာ ကမ္ဘာ့ကလပ် ဖလားတွေကို ရရှိထားပေမယ့် လာလီဂါ ဖလားကိုတော့ ဘာစီလိုနာက ရယူဖို့ နီးစပ်နေတာကြောင့် ကိုပါဒယ်လ်ရး ဖလားဟာ သူတို့အတွက် ဒီရာသီ ပြည်တွင်းဖလား ရရှိနိုင်မယ့် နောက်ဆုံး အခွင့်အရေးလို ဖြစ်နေပါတယ်။ ရီးယဲလ်က လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဂီတာဖေးနဲ့ အရင်ကစားရမှာ ဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ဘာစီလိုနာနဲ့ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲကြီးကို ကစားရမှာပါ။ ဘာပေ တစ်ယောက် အသင်းအတွက် အရေးကြီး ဗိုလ်လုပွဲအတွက် အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝပါ့မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။