လီဗာပူးလ်အသင်း မန်နေဂျာ အာနေး ဆလော့က နည်းပြဟောင်းကြီး ယာဂန် ကလော့ ထွက်ခွာသွားပြီးနောက်ပိုင်းမှာတောင် သူ့အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားနဲ့ လက်တစ်ကမ်းအလိုမှာ ရှိနေတာဟာ အံ့ဩစရာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် စုစုပေါင်း လိဂ်ချန်ပီယံဆု အကြိမ် (၂၀) မြောက်အဖြစ် ရရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ လက်စတာ စီးတီးကို အနိုင်ရပြီး အစ်ဆွစ်ချ်တောင်းက အာဆင်နယ်ကို အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးလ်တို့ဟာ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ပြီ ဖြစ်ပါတယ်။

Photo Credit : Goal

အဲ့ဒီလိုမှ မဟုတ်ခဲ့ရင်လည်း လက်စတာကို အနိုင်ရခဲ့ရင် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ နောက်ထပ် (၃)မှတ်သာ လိုအပ်တော့မှာ ဖြစ်ပြီး လာမယ့်အပတ် စပါးအသင်းကို အနိုင်ရမယ်ဆိုရင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ကလော့ရဲ့ နောက်ဆုံးရာသီမှာ အဆင့်(၃)နေရာနဲ့သာ အဆုံးသတ်ခဲ့တာကြောင့် ဒီရာသီမှာ ဒီလောက် လွှမ်းမိုးနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်လိမ့်မယ်လို့ လူအနည်းငယ်ပဲ တွေးထင်ခဲ့ကြမှာပါ။ ဒါပေမယ့် ဆလော့ကတော့ သူ့ရဲ့ မျှော်လင့်ချက်တွေ ပြည့်မီခဲ့တယ်လို့ အခိုင်အမာ ဆိုပါတယ်။ အကြောင်းကတော့ လီဗာပူးလ်ဟာ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုတွေအတွက် အမြဲတမ်း စိန်ခေါ်နိုင်တဲ့ သမိုင်းကြောင်းရှိတဲ့ ကလပ်အသင်း ဖြစ်နေလို့ပါပဲ။ တကယ်တမ်းမှာလည်း ဖြစ်လာဖို့က သေချာသလောက် ရှိနေတဲ့အတိုင်း သူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိသွားခဲ့ရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ လိဂ်ချန်ပီယံဆု အကြိမ် (၂၀) စံချိန်ကို လိုက်မီပြီး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ပူးတွဲ ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : Goal

Mirror သတင်းဌာနနဲ့ အင်တာဗျူးမှာ ဆလော့က “ခင်ဗျား လီဗာပူးလ်လို ကလပ်အသင်းမျိုးကို ရောက်လာတဲ့အခါ ဒီမှာ အမြဲတမ်း အခွင့်အရေးရှိတယ်လို့ ခံစားရမှာပါ။ ဒါပေမယ့် ကျွန်တော်က လက်တွေ့ကျကျလည်း စဉ်းစားချင်ပါတယ်။ လက်တွေ့အခြေအနေကတော့ ကျွန်တော်မရောက်ခင် အရင် ရာသီနှစ်ခုပါ။ ပြီးခဲ့တဲ့ရာသီမှာ သူတို့က အရင်ရာသီ နှစ်ရာသီအစောပိုင်းထက် ပိုပြီး ချန်ပီယံဆုနဲ့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ သူတို့က ယူရိုပါလိဂ်ပဲ ရှိခဲ့ပြီး အဓိက ကစားသမားတွေက အဲ့ဒီမှာ ကစားလေ့ မရှိသလောက်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းလုပ်ပြရင်း ချန်ပီယံလိဂ်နဲ့ ပေါင်းစပ်ကစားရတဲ့ စိန်ခေါ်မှု ရှိနေတယ်ဆိုတာ သိခဲ့ပါတယ်။ အဲ့ဒါက အရင် နှစ်ရာသီအစောပိုင်းတုန်းက တော်တော်လေး ခက်ခဲခဲ့ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

“ဒါပေမယ့် ကျွန်တော်က နံပါတ်တစ်နေရာအတွက် ဘယ်တုန်းကမှ မယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကလပ်အသင်းမျိုးကို ရောက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် ဟုတ်ပါတယ် ဒါက ခင်ဗျား စိတ်ထဲမှာ ရှိနေမှာပါ။ ဒါပေမယ့် ဒါက ပထမဆုံး စဉ်းစားမိတဲ့အရာတော့ မဟုတ်ဘူး။ ခင်ဗျား ပထမဆုံး စဉ်းစားမှာက ဘောလုံး ကောင်းကောင်းကစားဖို့ တက်နိုင်သမျှ ပွဲများများ အနိုင်ရဖို့ ပြီးတော့ အဲ့ဒီကနေ လိဂ်ဇယားမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရုံပါပဲ။ ဒါကြောင့် ကျွန်တော်သာ အခု လီဗာပူးလ်ကို ရောက်လာပြီး ‘အိုး ကျွန်တော်တို့ အခုရောက်နေတဲ့ အနေအထားအတွက် လုံးဝ အံ့ဩသွားတယ်’ လို့ ပြောရင် ထူးဆန်းနေလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကလပ်အတွက် ဒီလိုအနေအထားမျိုးမှာ ရှိနေတာက ထူးဆန်းတဲ့ အရာမဟုတ်လို့ပါပဲ” လို့ ဆလော့က ပြောကြားခဲ့ပါတယ်။