မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ဘုန်းမောက်အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား အန်တိုနီ ဆီမီညိုကို ခေါ်ယူဖို့ ရှေ့ဆုံးက ပြေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ အသက်(၂၅)နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်က ထိပ်ဆုံးကနေ ဦးဆောင်နေပေမယ့် လီဗာပူးလ်နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတွေကလည်း ဘုန်းမောက် တောင်ပံကစားသမားကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြား ထိပ်သီး ခြောက်သင်းဝင် အသင်းအချို့ကလည်း စိတ်ဝင်စားမှု ပြသနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Sky Sports က အာဆင်နယ်အသင်းကတော့ ဒီအဆင့်မှာ ဆီမီညိုကို စိတ်ဝင်စားခြင်း မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

Photo Credit : BBC

ဘရစ္စတိုးလ် စီးတီး ကစားသမားဟောင်းဖြစ်တဲ့ ဆီမီညိုကို ဘုန်းမောက်အသင်းက လွန်ခဲ့တဲ့ (၂)နှစ်ကျော်က ပေါင် (၁၀.၅)သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ပေါင်သန်း(၇၀)ဆိုတဲ့ အလွန်များပြားတဲ့ တန်ဖိုး သတ်မှတ်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဆီမီညိုဟာ ရှင်းလင်းစွာပဲ အသင်းတိုင်း အလိုရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ဘယ်အသင်းကများ သူ့အတွက် ဒီလောက်များပြားတဲ့ ကမ်းလှမ်းမှုကြီးတစ်ခု ပြုလုပ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းမှာ အငှားသွားရောက်ကစားခဲ့ဖူးတဲ့ ဆီမီညိုရဲ့ စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိ ရှိနေပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲမှာ ပွဲပေါင်း (၃၁)ပွဲ ပါဝင်ကစားထားခဲ့ရင်း (၈)ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ ထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပြသထားပါတယ်။

Photo Credit : Sky Sports

အင်္ဂလန်မှာ မွေးဖွားပြီး ဂါနာနိုင်ငံသား ဖခင်ဖြစ်သူရဲ့ နိုင်ငံကိုသာ ကိုယ်စားပြု ကစားပေးခဲ့တဲ့ ဆီမီညိုဟာ အခုဆိုရင်တော့ ဂါနာအတွက် (၂၇)ပွဲအထိတောင် ကစားထားခဲ့ပြီး (၃)ဂိုးလည်း သွင်းယူထားခဲ့ပါတယ်။ ဆယ်မီညိုက ဘုန်းမောက်မှာဆိုရင် ဘယ်တောင်ပံ ညာတောင်ပံအပြင် ကွင်းလယ်(၃)ဦးတန်းရဲ့ ဘယ်ခြမ်းမှာပါ ကစားနိုင်သလို တိုက်စစ်မှာပါ ကစားနိုင်ပါသေးတယ်။

လက်ရှိမှာတော့ ဆီမီညိုအနေနဲ့ ဘုန်းမောက်အသင်းနဲ့ အခု ဘောလုံးရာသီရဲ့ လက်ကျန်ပွဲတွေကိုသာ ဆက်လက် အာရုံစိုက်သွားဖို့ ရှိနေပြီး ဘုန်းမောက် အနေအထားအရလည်း ဥရောပဝင်ခွင့် တစ်နေရာစာ အထူးသဖြင့် ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိနေသေးတာဖြစ်လို့ အဲ့ဒီအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်သွားနိုင်ပါတယ်။