ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဟန်ဆီ ဖလစ်ခ်က သူ့အသင်းဟာ ကိုပါဒယ်လ်ရေးဖလား ဖိုင်နယ်ပွဲမှာ မဟာပြိုင်ဘက်ကြီး ရီးရဲလ် မက်ဒရစ်ကို အနိုင်ရခဲ့ပြီး ဗိုလ်စွဲခဲ့မယ်ဆိုရင် အကြီးကျယ် အောင်ပွဲခံမှုတွေကို ပိတ်ပင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ လာမယ့် စနေနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ကိုပါဒယ်လ်ရေးဖလား ဖိုင်နယ်ပွဲမှာ အနိုင်ရခဲ့ရင်တောင် အကြီးကြီးအောင်ပွဲခံမှုတွေကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။ ဖလစ်ခ်ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းအမျိုးမျိုးကိုလည်း ထုတ်ဖော်ထားခဲ့ပါတယ်။

Photo Credit : FC Barcelona

ဖလစ်ခ်ဟာ အရေးကြီးတဲ့ ကာလအတွင်းမှာ သူ့အသင်းကို အပြည့်အဝ အာရုံစိုက်ထားစေချင်တဲ့အတွက် ကာတာလန်သားတွေအနေနဲ့ မက်ဒရစ်ကို ဖိုင်နယ်မှာ အနိုင်ရခဲ့ရင်တောင် ပွဲအပြီး အောင်ပွဲခံမှုတွေကို ပိတ်ပင်ထားပါတယ်။ ဂျာမန်လူမျိုး နည်းပြဖြစ်သူဟာ အဲ့ဒီဖိုင်နယ်ပွဲပြီး (၄)ရက်အကြာမှာပဲ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ရင်ဆိုင်ရမှာမို့ ပင်ပန်းမှု ဒါမှမဟုတ် အာရုံပျံ့လွင့်မှုတွေ ရှိလာမှာကို စိုးရိမ်နေပါတယ်။

Mundo Deportivo မှာလည်း ဘာစီလိုနာအသင်းရဲ့ အချိန်ဇယားထဲ ဆီဗီလ်မှာ အောင်ပွဲခံဖို့ အချိန်မထားထားဘူးလို့ ဆိုပါတယ်။ အဲ့ဒီအစား အီစတာဒီယို လာကာတူဂျာမှာ ဖိုင်နယ်ပွဲပြီးဆုံးချိန် အသင်းသားတွေဟာ တိတ်ဆိတ်တဲ့ အသင်းညစာစားပွဲ တစ်ခုကိုသာ လုပ်ဆောင်ပြီး အိပ်ရာဝင်ရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Barca Blaugranes

တနင်္ဂနွေ မနက်မှာတော့ အသင်းသားတွေက ဘာစီလိုနာမြို့ဆီကို ပြန်လာမှာဖြစ်ပြီး တကယ်လို့ ဘာစီလိုနာက ဖလားရယူနိုင်ခဲ့ရင်တောင် အောင်ပွဲခံမှုတွေကို အနည်းဆုံးသာ ထားမှာဖြစ်ကယ ကွင်းထဲနဲ့ အင်္ကျီလဲခန်းထဲမှာသာ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီရာသီထဲ ဆုဖလား(၃)လုံး ချန်ပီယံ Treble Champions လမ်းကြောင်းပေါ်မှာ ရှိနေပြီး အလားအလာကောင်းတွေလည်း ပိုင်ဆိုင်နေပါတယ်။

ဖလစ်ခ်ရဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီထဲ လာလီဂါမှာ အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဦးဆောင်လို့နေပြီး ဒုတိယနေရာက ရီးယဲလ်ကိုလည်း (၄)မှတ်အသာရထားပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိ တက်လှမ်းထားသလို ကိုပါဒယ်လ်ရေးမှာပါ ဗိုလ်လုပွဲထိ ရောက်နေပြီပဲ ဖြစ်ပါတယ်။