မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲ ယူနိုက်တက်နဲ့ လိုင်ယွန်တို့ပွဲမှာ ယူနိုက်တက်ရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုကို ချီးကျူးသွားခဲ့သလို နောက်ထပ် ကစားသမားဟောင်းကြီး ပေါလ် စခိုးကလည်း ဒီနိုင်ပွဲဟာ အရင်တုန်းက Comebacks တွေကို ပြန်အမှတ်ရစေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ကြာသပတေးနေ့ည မနေ့ညက မန်ယူဟာ ယူရိုပါလိဂ်ကနေ ထွက်ခွာရတော့မယ့် အနေအထားမှာ ရှိခဲ့ပါတယ်။ လိုင်ယွန်က ဒီပွဲရဲ့ အချိန်ပိုမှာ ပွဲပြီးဖို့ (၆)မိနစ်သာ ကျန်တော့ချိန်မှာ (2-4) နဲ့ ဦးဆောင်နေခဲ့သလို ကစားသမားကလည်း (၁၀)ဦးတည်းသာ ကျန်ရှိနေပါတော့တယ်။ ဒါ့အပြင် လိုင်ယွန်ဟာ ပထမပိုင်းမှာ (2-0) နဲ့ ဦးဆောင်ခံထားပြီးမှ ဒုတိယပိုင်းထဲ (၂)ဂိုး ပြန်ချေပပြီး အချိန်ပိုမှာပါ ဦးဆောင်ဂိုး (၂)ဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။

Photo Credit : Metro

ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ်၊ ကိုဘီ မိန်းနူးနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ရဲ့ ဂိုးတွေကြောင့် ယူနိုက်တက်ဟာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ (၁၂၁)မိနစ်မြောက် ခေါင်းတိုက်ဂိုးက အိုးလ်ထရက်ဖို့ဒ်ကို အောင်ပွဲခံသံတွေနဲ့ လှုပ်ခတ်သွားစေခဲ့ပြီး ပွဲပြီးချိန်မှာ မမေ့နိုင်စရာ မြင်ကွင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပွဲကို TNT Sports အတွက် ဝေဖန်သုံးသပ်သူအဖြစ် ပါဝင်ခဲ့တဲ့ ဖာဒီနန်က ဖြစ်ပျက်ခဲ့တာတွေကို အံ့အားသင့်စွာ ဖော်ပြခဲ့ပါတယ်။ “ပရိသတ်တစ်ယောက်အနေနဲ့ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ (2-4) ဖြစ်နေချိန်မှာ ပရိသတ်တွေ အများကြီး ထွက်သွားတာကို မြင်ခဲ့ရတယ်။ ဒီနေရာကနေ ပြန်လာဖို့ အံ့သြဖွယ်ထက်ကို ပိုလိုမယ်လို့ ကျွန်တော်ပြောခဲ့ပေမယ့် အခုတော့ ကျွန်တော်က ယုံကြည်သူဖြစ်သွားပြီ။ ဒါက အံ့သြစရာပဲ။” လို့ သူက ပြောပါတယ်။

Photo Credit : Sky Sports

ပေါလ် စခိုးလ်ကလည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေကို အံ့အားသင့်စွာ ပြန်တွေးမိရင်း ယူနိုက်တက်ရဲ့ သမိုင်းဝင် ပြန်လာနိုင်မှုတွေကို ပြန်သတိရခဲ့ပါတယ်။ “ဒီကလပ်မှာ ထူးခြားတဲ့ အရာတွေ ဖြစ်ပေါ်တာကို မြင်ဖူးတယ်။ လီဗာပူးလ်နဲ့ပွဲမှာ အိုလီ ဂန်နာ ဆိုးလ်ရှားရဲ့ ဂိုးကို ပြန်တွေးမိတယ်။ ဒါက အဲဒီနဲ့ နည်းနည်းဆင်တယ်။ အဲဒါက (2-1) ပဲဖြစ်ပြီး ဒါက (5-4) ဖြစ်ပေမယ့်လို့။ ဒီနေရာမှာ တစ်ဂိုးရရင် အခွင့်အရေးရှိတယ်လို့ အမြဲခံစားရတယ်။” လို့ သူက ပြောပါတယ်။

စခိုးပြောတဲ့ ဆိုးလ်ရှားရဲ့ ဂိုးဆိုတာက ၁၉၉၈-၉၉ ရာသီရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားပွဲမှာ ပြိုင်ဘက်ကြီး လီဗာပူးလ်ကို (၈၉)မိနစ်ထိ (၁)ဂိုးနဲ့ ရှုံးနေရာကနေ ဒွိုက်ယော့ခ်က ချေပဂိုးသွင်းခဲ့သလို (၉၂)မိနစ်မှာ လူစားဝင် ဆိုးလ်ရှားက အနိုင်ဂိုး သွင်းယူရင်း နိုင်ပွဲရခဲ့ပါတယ်။ အဲ့ဒီရာသီမှာ ယူနိုက်တက်က အက်ဖ်အေဖလား ရယူခဲ့သလို ဘိုင်ယန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း အဲ့ဒီလို အချိန်ပိုဂိုးတွေနဲ့ ပြန်လာခဲ့ပြီး ဖလား(၃)လုံးပါ ပိုင်ဆိုင်ခဲ့ပါတယ်။