ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန် အမ်ဘာပေဟာ အလာဗက်စ် ကွင်းလယ်ကစားသမား အန်တိုနီယို ဘလန်ကိုကို ကစားပုံ ကြမ်းခဲ့မိတာကြောင့် အနီကတ်ပြခံရတဲ့ ဖြစ်ရပ်အတွက် လာလီဂါမှာ တစ်ပွဲသာ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းအပေါ် ဘာစီလိုနာ ဒုဥက္ကဋ္ဌက ရှက်စရာလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရီးရဲလ်အသင်း အလာဗက်စ်ကို (၁)ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာပေက ဘလန်ကိုကို အန္တရာယ်များတဲ့ တိုက်ခိုက်မှုကြောင့် ဒိုင်လူကြီးက အနီကတ် ပြသခဲ့ပါတယ်။ လူအများက ပြင်သစ်တိုက်စစ်မှူးဟာ အနည်းဆုံး ပွဲပေါင်းများစွာ ပိတ်ဒဏ်ခံရလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့်လည်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီကတော့ ဘာပေကို တစ်ပွဲသာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

Photo Credit : RealMadrid-Barcelona

ဒါကြောင့် ဘာပေဟာ အခု သတင်းတစ်ပတ် ဘီလ်ဘာအိုအသင်းနဲ့ ကစားရမယ့် စပိန်လာလီဂါ ပွဲစဉ်တစ်ပွဲတည်းကိုသာ လွဲချော်သွားရတော့မှာဖြစ်ပြီး ရီးရဲလ်အတွက် အရေးပါတဲ့ အယ်လ်ကလက်စီကို ကိုပါဒယ်လ်ရေး ဖိုင်နယ်ပွဲမှာတော့ ကစားခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

ဒီပြစ်ဒဏ်ကို ဘာစီလိုနာအသင်းဘက်က လက်မခံနိုင်ဖြစ်နေပြီး အသင်းရဲ့ ဒုဥက္ကဋ္ဌ ရာဖာ ယုစတီက ဒီပြစ်ဒဏ်ဟာ ဖြစ်ရပ်ရဲ့ အန္တရာယ်ရှိမှုနဲ့ မမျှတဘူးလို့ ပြောပါတယ်။ သတင်းထောက်တွေကို သူက အခုလိုပြောခဲ့ပါတယ်။ “ဒီတိုက်ခိုက်မှုနဲ့ ပြစ်ဒဏ်က လုံးဝမဖြစ်နိုင်ပါဘူး။ ဒါက ကြောက်စရာကောင်းပြီး ပြိုင်ဘက်ကို ဒဏ်ရာရစေနိုင်တဲ့ ဖြစ်ရပ်ပါ။ ဒါက ရှက်စရာပဲ။”

Photo Credit : Managing Madrid

ဒီလို ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘောလုံးပရိသတ်တွေကြားမှာလည်း အတော်လေးကို အငြင်းအခုန် ဖြစ်နေရတဲ့အပြင် ရီးယဲလ်ကိုလည်း ကွင်းလယ်ဒိုင်တွေသာမကဘဲ စပိန်ဘောလုံးအဖွဲ့ချုပ်ဘက်ကပါ အကာအကွယ်ပေးနေတယ်လို့ စွပ်စွဲပြောဆိုချက်တွေပါ ဆူဆူညံ့ညံ့ ထွက်ပေါ်ခဲ့ပါသေးတယ်။ အခုလည်း ဘာပေရဲ့ အနီကတ် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ရီးယဲလ်နဲ့ ဘာစီလိုနာတို့ကြား ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ (၂)ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ဘာစီလိုနာကပဲ အဲ့ဒီ (၂)ကြိမ်စလုံး အနိုင်ရခဲ့ပါတယ်။ တစ်ကြိမ်က လာလီဂါမှာဖြစ်ပြီး နောက်တစ်ကြိမ်က စပိန်စူပါဖလား ဖိုင်နယ်မှာ ဖြစ်ပါတယ်။ ဒီအသင်းနှစ်သင်းဟာ ရာသီမပြီးခင် နောက်ထပ် နှစ်ကြိမ် ထပ်မံတွေ့ဆုံရမှာဖြစ်ပြီး၊ ပထမဆုံးအနေနဲ့ ကိုပါဒယ်လ်ရေး ဖိုင်နယ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်တစ်ပွဲကတော့ လာလီဂါမှာ အဆုံးအဖြတ်ပွဲအဖြစ် ဆုံကြရမှာပဲ ဖြစ်ပါတယ်။